အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဘေးသင့်ဒေသများသို့ APTERR အစီအစဉ်ဖြင့် အရန်ဆန် တန် ၁၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးပေးသွားမည် 09/23/2024 နေပြည်တော် စက်တင်ဘာ ၂၂ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒ

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျသိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန် မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာသားငါးထွက်ကုန် အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ ဆည်၊ တာတမံများကြံ့ခိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက် ထားရှိရေး၊ ဦးစီးဌာနရှိဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။