အဓိကအကြောင်းအရာသို့ သွားမည်
x

ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့ကြသည့် တောင်သူများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာရှိ မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက် မတည်ငွေဖြင့် မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ငွေကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားပါကြောင်း၊ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများ တွက်ခြေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် မျိုးလိုအပ်ချက်၊ ထွန်ယက်ရေး၊ သွင်းအားစုများနှင့် ချေးငွေလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စီမံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများတွင် နုန်းများဖုံးခြင်းကြောင့် မြေဆီလွှာတွင်း လေနှင့်ရေအချိုးကို မျှတစေနိုင်ပြီး အပင်၏ကြီးထွားမှု အာဟာရဓာတ်စုပ်ယူမှုကို အားပေးစေနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ လယ်ယာမြေသီးနှံ အကြွင်းအကျန်များ ကို အသုံးပြုပြီး Biochar (မီးသွေး)ထုတ်၍ မိမိတို့လယ်ယာမြေထဲ ထည့်ခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ရပ်ရွာပြန်လည်ထူထောင်ရေးအတွက် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်သည့် သီးနှံမျိုးစေ့များ ပေးအပ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာမှ တောင်သူ ၇၀ နှင့် ဇေယျာသီရိမြို့နယ် ရှားစေးဖို ကျေးရွာမှ တောင်သူ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။