အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရာပြည့်နှစ်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

စိုက်ပျိုးရေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကို အောက်တိုဘာ ၇ နှင့် ၈ ရက်နေ့များတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်တန်းဆွေးနွေးပွဲခန်းမ၌ “ပိုမိုတောက်ပသော အနာဂတ်ဆီသို့ စူးစမ်းတီထွင်မှုဖြင့် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲစို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည်။

စာတမ်း ဖတ်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာ၌ ကမ္ဘာ့နိုင်ငံအများစု၌ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့၏ပင်မ စီးပွားရေးကဏ္ဍဖြစ်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရန် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး သိပ္ပံနည်းကျ သုတေသန တီထွင်စမ်းသပ်အောင်မြင်မှုများကြောင့် တစ်ပိုင်တစ်နိုင် မိသားစုစားဝတ်နေရေး စိုက်ပျိုးရေးအဆင့်မှသည် ရေရှည်တည်တံ့ခိုင်မြဲသည့်အဆင့်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့မြေဧရိယာ၏ ၁၈ ရာခိုင်နှုန်း သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်သည့် မိမိတို့နိုင်ငံ၌ လယ်ယာကဏ္ဍတွင် လုပ်သားအင်အားပါဝင်မှု ၆၁ ဒသမ ၁၃ ရာခိုင်နှုန်း အထိပါဝင်နေပြီး နိုင်ငံ့ဂျီဒီပီ ၂၃ ဒသမ ၆ ရာနှုန်းရှိကာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်သည့် ဧရိယာမှာ စုစုပေါင်း နိုင်ငံမြေဧရိယာ၏ ၁၈ ရာခိုင်နှုန်းအထိရှိပါကြောင်း၊ လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားအခြေအနေနှင့် ထုတ်လုပ်မှုစွမ်းအား မြင့်မားလာပြီး ဈေးကွက်တင်ပို့နိုင်ရန် သုတေသန တီထွင်စမ်းသပ်မှုများဖြင့်စွမ်းဆောင်ပေးနိုင်လျက်ရှိပါကြောင်း၊ မြို့ပြဖွံ့ ဖြိုးမှုများကြောင့်လယ်ယာမြေများ လျော့ကျလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် လူငယ်အရေအတွက် နည်းပါးလာခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအခြေအနေများကြောင့် အနာဂတ် စားရေရိက္ခာဖူလုံမှုရှိစေရေးအပေါ်စိန်ခေါ်နေမှုများကို သုတေသနနှင့် စမ်းသစ်တီထွင်ခြင်းဖြင့်သာ မိမိတို့တုံ့ပြန်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ 

နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနအနေဖြင့် သုတေသနပညာရှင်များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးနှင့် ထွက်ရှိလာသည့် သုတေသနရလဒ်များ ခိုင်မာမှုရှိလာပါက ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကျင်းပသည့် စိုက်ပျိုးရေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်နှစ် အထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲတွင် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်စေရေး၊သုတေသနပညာရှင်များနှင့် တောင်သူဦးကြီးများကြား ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ အောင်မြင်သော သုတေသနရလဒ်များ ဖော်ဆောင်နိုင်ကြစေရေးဝိုင်းဝန်းဆွေးနွေးဖော် ထုတ်ပေးကြပါရန်တိုက်တွန်းပါကြောင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “ပိုမိုတောက်ပသော အနာဂတ်ဆီသို့ စူးစမ်းတီထွင်မှုဖြင့် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲစို့” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကျင်းပရခြင်းကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ဧည့်သည်တော်များနှင့် စာတမ်းရှင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည့် အဆိုပါစာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ၊ အထူးဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပညာရေးအဖွဲ့ဝင်များနှင့် စာတမ်းရှင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြပြီး ကဏ္ဍအသီးသီးမှ ပညာရှင်များက စာတမ်း ၃၂ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြကြောင်း သိရသည်။