ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) နှင့် လေ့ကျင့်သင်ကြားရေးဆေးရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှုအပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ပညာပေးဆောင်ရွက်ကြရန်၊ မျိုးမြင့်နို့စားနွားများ တိုးပွားလာစေရေးအတွက် မျိုးကောင်းမျိုးသန့် နို့စားနွားမျိုးများ ဖြန့်ဖြူးနိုင်ရေးနှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတာဝန်ခံက ဆေးခန်းဆိုင်ရာ ပညာရပ်များ သင်တန်းဖွင့်လှစ်မှု၊ အိမ်မွေး တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အရေပြားရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေး၊ ဆီး၊ ဝမ်း ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းနှင့် အခြားသောကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရာသီကူးပြောင်းကာလများတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာကွယ်ရန် လိုအပ်ချက်များကို မှာကြားပြီး လေ့ကျင့်သင်ကြားရေးဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျဉ်းမနားမြို့နယ်ရုံး ရုံးတွင်း/ ရုံးပြင်သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။