ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းဆီကြိတ်စက်များ၏ ကုန်ကြမ်းလိုအပ်ချက်အပေါ် ပံ့ပိုးပေးနိုင်ရေးကြိုးပမ်း
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းဆီကြိတ်စက်များ၏ ကုန်ကြမ်းလိုအပ်ချက်အပေါ် ပံ့ပိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့က ဦးဆောင်ဆွေးနွေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ၂၀၂၄ - ၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် လျာထားချက်နှင့် ယနေ့အထိ ဆီထွက်သီးနှံများစိုက်ပျိုးပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မိုးမြေပဲ၊ မိုးနှမ်း၊ မိုးနေကြာသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ချက်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စာရင်းကောက်ယူရရှိသည့် တစ်နှစ် ကုန်ကြမ်းလိုအပ်ချက်အပေါ် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ ဒေသအလိုက် လအလိုက် ကုန်ကြမ်းပံ့ပိုးနိုင်မည့်အခြေအနေ၊ “ရာဂီ” တိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သီးနှံများရေကြီးနစ်မြုပ်ပျက်စီးခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် လုပ်ငန်းအဖွဲ့များဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။