နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်းသီးနှံများ လျာထားဧကပြည့်စိုက်ပျိုးရေး စီမံဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ၉၅ ဧကတွင် ဆောင်းသီးနှံ မတ်ပဲနှင့် ကုလားပဲစိုက်ပျိုးမည့် တောင်သူ့စိုက်ကွင်းကို စက်မှုလယ်ယာဦးစီးဌာနက ထွန်စက်ကြီးများဖြင့် မြေပြင်ထွန်ယက်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မြေပြင်ထွန်ယက်ခြင်းအတွက် သက်ဆိုင်ရာတောင်သူများက စက်မောင်းဆီကျခံပြီး စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်ကြီးများဖြင့် အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း လက်ယာမြောင်းရေသောက်စနစ်ရှိ ရေပေးမြောင်းများ၊ ရေနုတ်မြောင်းများ ပြုပြင်ပြီးစီးမှု၊ ရေသောက်စနစ်အတွင်း ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ပေါင်းလောင်းရေလွှဲဆည်သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆောင်းသီးနှံများ လျာထားဧကပြည့် စိုက်ပျိုးနိုင်စေရေး၊ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိပြီး စက်တင်ဘာလအတွင်း ဆည်ရေပြည့်မှတ်ကျော်လွန်ရေဝင်ရောက်ခဲ့မှုတွင် ရေပိုလွှဲမှ ရေထုကြီးမားစွာကျော်ကျခဲ့သဖြင့် ထိခိုက်ခဲ့သည့် ရေကျနေရာကို ကြည့်ရှုစစ်ဆေးပြီး တမံဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင်မွမ်းမံမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိစေမည့် ဒီဇိုင်းပုံစံအသုံးပြုဆောင်ရွက်ရန်နှင့် အခါမဲ့ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်များအရ တမံများနှင့် ရေလွှဲဆည်တို့တွင် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေကြီး ရေလျှံမှုများကြောင့် ထိခိုက်ခဲ့သော်လည်း သက်ဆိုင်ရာဌာနများနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် မိုးစပါးစိုက်ခင်းများ၊ ပျက်စီးခဲ့သည့် စိုက်ခင်းများနေရာတွင် မြေပြင်ထွန်ယက်ပြီး ဆောင်းသီးနှံစိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်