အဓိကအကြောင်းအရာသို့ သွားမည်
x

ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၃

ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်းအိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စက်ရုံစုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိသားစုများ၏ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ထူထောင်နိုင်ရေး၊ ရေဘေးသင့်စက်ရုံဝန်ထမ်း အိမ်ထောင်စု ၂၅၂ စုအတွက် စုစုပေါင်းငွေကျပ် ၅၁၁၅၆၀၀၀ တန်ဖိုးရှိ မိသားစုသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကာ ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်၍ ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်းရှိ သကြားစက်ရုံများ၊ သိုလှောင်ရုံများ၊ ဝန်ထမ်းနေအိမ်များကို ရွှံ့နွံနှင့် နုန်းများဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စု ၂၅၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် လီတာ ၂၀၀ ဆံ့ ရေတိုင်ကီတစ်လုံး၊ ပစ္စည်းထည့်ပုံးကြီးတစ်လုံး၊ ပုံးဝိုင်းကြီး တစ်လုံးနှင့် ရေပုံးနှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။