အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးမြို့နယ် ဝါးကတုတ်တမံပိတ်ဆောင်ရွက်ခြင်းနှင့် နွေစပါးစိုက်ပျိုးရေပေးဝေရန် တူးမြောင်းပြင်ဆင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝါးကတုတ်မြေသားတမံပိတ်ဆောင်ရွက်ခြင်းနှင့် နွေစပါးစိုက်ပျိုးရေပေးဝေရန် တူးမြောင်းပြင်ဆင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဝါးကတုတ်ချောင်းပိတ်မြေသားတမံ တည်ဆောက်ခြင်းကြောင့် နွေစပါးစိုက်ပျိုးရေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိသည်နှင့် သက်တမ်းတို မျိုးကောင်း မျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နွေစပါးဧကသုံးသန်းကျော်အထိ တိုးချဲ့စိုက်ပျိုးရန်လျာထားပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ယခုနှစ် နွေစပါး ၄၆၀၇၃၈ ဧက၊ ဆောင်းသီးနှံ ၃၁၀၆၇၆၅ ဧက၊ နွေနှမ်းဧက ၁၀၀၀ စိုက်ပျိုးရန်လျာထားကြောင်းနှင့် သုံးသီးစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပဲခူးမြစ်တာ (ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်) တာမိုင်(၀/၀မှ ၁/၄) အတွင်းတာ မြှင့်တင်၍ အခိုင်အမာပြုပြင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရေဘေးကာကွယ်ရေးတာများနှင့်ပတ်သက်၍ အခိုင်အမာပြန်လည် ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အခိုင်အမာဆောင်ရွက်နိုင်မှုမရှိသော ရေဘေးကာကွယ်ရေးတာများကိုလည်း လာမည့်နှစ် မိုးရာသီကာလတွင် ရေကြီးနစ်မြုပ်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေးအချိန်နှင့်တစ်ပြေးညီ တင်ပြပေါင်းစပ်စီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။