အဓိကအကြောင်းအရာသို့ သွားမည်
x

သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီအဖွဲ့ ခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တိတိကျကျဆောင်ရွက်

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုး ရေးနိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးထုတ်ကုန်များ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် ပိုးမွှားကာကွယ်ရေးလုပ်ငန်းများတွင် အရေးပါသည့် ပိုးသတ်ဆေးများ အရည်အသွေး ပြည့်မီရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေးနှင့် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်ပြီး ပိုးသတ်ဆေးဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ်ဆေးဥပဒေ ဥပဒေလုပ်ထုံးလုပ်နည်းပါ သတ်မှတ်ထားသည့်အတိုင်း အရေးယူဆောင်ရွက်မှုများ တိတိကျကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ရေရှည်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ လျှော့ချသုံးစွဲနိုင်ရေးအတွက် မျှတသော ဂေဟစနစ်ကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုထွန်းကားလာစေရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ (Food Safety Standard) များနှင့်အညီ ညီညွတ်စေရေး လေ့လာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

၁၄၆ မျိုးအား မှတ်ပုံတင်ခွင့်ပြု

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အတွင်းရေးမှူးက ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၄၆ မျိုးအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး တင်ပြရာအစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၄၂၈၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်