ကင်းသာရေထိန်းတမံပြုပြင်မှု ၁၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးအောင် စီမံဆောင်ရွက်သွားမည်
နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြစ်ရေတင်လုပ်ငန်း၊ ရေပေးမြောင်းနှင့်ရေထိန်းတမံပြုပြင်ဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာရှိ စစ်တောင်းမြစ်ရေတင်စက်ရုံနှင့် ရေပေးမြောင်းပြုပြင်မွမ်းမံပြီးစီးမှု၊ ဒေသခံတောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီနွေသီးနှံရေပေးဝေခဲ့မှုနှင့် ၂၀၂၄-၂၀၂၅ နွေသီးနှံစိုက်ပျိုးရာသီရေပေးဝေရန် စီမံဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေဝေချောင်း (ပိတောက်ချောင်း)နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း)တို့အပေါ်တွင် တည်ဆောက်ထားသော ကင်းသာရေထိန်းတမံသို့ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းအလိုက်ကြည့်ရှုစစ်ဆေးပြီး တမံရေဝပ်ဧရိယာရှိ သဲနုန်းများဖယ်ရှားရှင်းလင်း၍ မူလရေလှောင်ပမာဏပြည့်သိုလှောင်နိုင်ရေး၊ ရေတားတမံရေဝင်လမ်းကြောင်းပေါ်တွင် နုန်းတားတမံတည်ဆောက်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တမံမျက်နှာပြင် ထပ်မံထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ရမည့်လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ကင်းသာရေထိန်းတမံပြုပြင်မှုသည် လုပ်ငန်းအားလုံး၏ ၁၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဏ္ဏမာကျေးရွာတွင် မြေအောက်ရေဖြင့် မိုးစပါးစိုက်ကွင်းတစ်ကွင်းတစ်စပ်တည်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး၍ စက်ရေတွင်းဖြင့် ရေတင်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်