အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးပညာ နှစ် (၁၀၀) တိုင်ပြီ (အပိုင်း-၃)

ဒေါက်တာမျိုးကြွယ်

နိုင်ငံတကာစိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ (Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ(New Majors/Specializations) (အဆက်)

နိုင်ငံတကာတက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာကို ပုံစံအမျိုးမျိုးနှင့် ဖွဲ့စည်းပုံအမျိုးမျိုးဖြင့် ဆောင်ရွက်နေပါသည်။

(၁) လူအမည်၊ ပြည်နယ်၊ မြို့/ရွာ၊ နိုင်ငံအမည်အစွဲပြုပြီး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Agricultural University/University of Agriculture) ခေါ်လေ့ရှိပါသည်။

ဥပမာ-ဆိုကိုင်းစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တန်ဇန်းနီးယားနိုင်ငံ (ဒုဝန်ကြီးချုပ်အမည်ကို ဂုဏ်ပြုထား) (Sokoine University of Agriculture, Morogono City, Tanzania)၊ ဘိုဂါစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဘိုဂါမြို့ အင်ဒိုနီးရှားနိုင်ငံ (ဘိုဂါမြို့ကို ဂုဏ်ပြုထား) (Bogor Agricultural University, Bogor City, Indonesia)၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (ပန်ဂျပ်ပြည်နယ်ကို ဂုဏ်ပြုထား) (PAU – Punjab Agricultural University, Lidiana City, India) ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (ယူနန်ပြည်နယ်ကို ဂုဏ်ပြုထား) (Yunnan Agricultural University, Kunming, China)၊ ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးတက္ကသိုလ် မိုင်မဆင်းမြို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂုဏ်ပြုထား) (Bangladesh Agricultural University, Mymensingh, Bangladesh) ၊ တရုတ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (တရုတ်နိုင်ငံကို ဂုဏ်ပြုထား) (China Agricultural University, Beijing, China)

(၂) မဟာဌာန (Faculty of Agriculture) အနေဖြင့် ဖွဲ့စည်းထားပါသည်။

 ဥပမာ - အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေးမဟာဌာန ကတ်ဆဲလ်တက္ကသိုလ် ဂျာမနီနိုင်ငံ (Faculty of Organic Agricultural Sciences, University of Kassel, Germany)၊ စိုက်ပျိုးမွေးမြူရေးမဟာဌာန ကျူးရှူးတက္ကသိုလ်ဂျပန်နိုင်ငံ (Faculty of Agri-culture, Kyushu University, Fukuoka, Japan)

(၃) စိုက်ပျိုးမွေးမြူရေးကောလိပ် (College of Agriculture) အနေဖြင့် ဖွဲ့စည်းထားပါသည်။

ဥပမာ - စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိသိပ္ပံများ ကောလိပ်၊ ကော်နယ်တက္ကသိုလ်အမေရိကန်နိုင်ငံ (College of Agriculture and Life Sciences, Cornell University, Ithaca, US)၊ စိုက်ပျိုးမွေးမြူ ရေးနှင့်အစားအသောက်သိပ္ပံကောလိပ် ဖိလစ်ပိုင်တက္ကသိုလ်(လော့စ်ဘယ်ညို့) ဖိလစ်ပိုင်နိုင်ငံ (College of Agriculture and Food Science, University of Philippines at Los Banos, The Philippines)

(၄) အဆင့်မြင့်ကျောင်း (School of Agriculture) အနေဖြင့် ဖွဲ့စည်းထားပါသည်။

ဥပမာ - စိုက်ပျိုးမွေးမြူရေးပညာနှင့် ရေရှည်တည်တံ့ခိုင်မြဲသော အစားအစာအဆင့်မြင့် ကျောင်းကွင်းစလန်တက္ကသိုလ် ဘရစ်စဘိန်းမြို့ ဩစ‌တြေးလျနိုင်ငံ (School of Agriculture and Food Sustainability, University of Queensland, Brisbane, Australia) စသည်တို့ဖြင့် စိုက်ပျိုးမွေးမြူရေးပညာကို အမျိုးမျိုးဖွဲ့စည်းတည်ဆောက် သင်ကြားပေးလျက် ရှိနေပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအားလုံးနီးပါး ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လူသားအားလုံးအတွက် လုံခြုံစိတ်ချရသော အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးက အရေးပါသဖြင့် တက္ကသိုလ်တိုင်း၊ သုတေသနဌာနတိုင်း စိုက်ပျိုးမွေးမြူရေးကို အလေးထားပါသည်။

ကျွန်တော်တို့နိုင်ငံ၌ ဖြည့်စွက်သင်ကြားပေးသင့်သည့် ဘာသာရပ်များ၊ ဌာနအသစ်များအကြောင်း ကျွန်တော်တစ်ဦးတည်းအကြံပြုချက်အနေဖြင့် ဆက်လက်ဆွေးနွေးပါမည်။

(၂) B – Botany

တက္ကသိုလ် စတင်တည်ထောင်ခါစက ရုက္ခ ဗေဒ၊ နောက်တော့ စိုက်ပျိုးရေးရုက္ခဗေဒ (Agri-cultural Botany) ယခုတော့ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မဗေဒဌာန (Department of Plant Bree-ding, Physiology and Ecology) နှင့် ရုက္ခဗေဒဌာန (Department of Botany) များအဖြစ် ပြောင်းလဲသင်ကြားပေးနေပါသည်။

အောက်ဖော်ပြပါဘာသာရပ်များထဲမှ တချို့ကို လက်ရှိသင်ကြားလျက်ရှိသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍက ဖြည့်ဆည်းပေးနိုင်မည့် လိုအပ်နေသော၊ ခေတ်စနစ်နှင့်အညီ နိုင်ငံတကာတွင် ပြောင်းလဲသင်ကြားနေသော ဘာသာရပ်အသစ်များ၊ စိုက်ပျိုးရေးပညာဆိုင်ရာဌာနအသစ်များ များစွာလိုအပ်နေပါသေးသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တစ်ကျောင်းတည်းတွင် ဘာသာရပ်အားလုံးစုပြုံထည့်ရမည်ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ သင့်တော်ရာ ဒေသအလိုက် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များလို ခွဲဝေသင်ကြား၊ သုတေသနပြုစေလိုခြင်းဖြစ်ပါသည်။

(၂-က) စီးပွားရေးဆိုင်ရာရုက္ခဗေဒ (Economic Botany)

ဤဘာသာရပ်ကို ၁၉၃၇ ခုနှစ်ကတည်းက သင်ကြားခဲ့သည်ကို သမိုင်းအထောက်အထားအရ ဖော်ထုတ်တွေ့ရှိရပါသည်။

ပထမဦးစွာ စီးပွားရေးအရ အရေးပါသော၊ စီးပွားဖြစ် စိုက်ပျိုးနိုင်သော အပင်များကို ဆွဲထုတ်ပုံဖော်ပါသည်။ စီးပွားရေးရုက္ခဗေဒဘာသာရပ်သည် စိုက်ပျိုးပင်များသာမက သစ်တော၊ သစ်ပင်များ၊ ရေညှိ၊ ရေမှော် စသည့်အပင်မျိုးစုံအကြောင်းကို လေ့လာပါသည်။

အိန္ဒိယနိုင်ငံတက္ကသိုလ်များတွင် ဤဘာသာရပ်ကို စိုက်ပျိုးရေးအထူးပြုဘာသာ (Agriculture Major) နှင့် ရုက္ခဗေဒအထူးပြုဘာသာ (Botany Major) အပင်သိပ္ပံ (Plant Sciences) ဘာသာရပ်များ သင်ယူသူ ကျောင်းသား ကျောင်းသူများ တွဲဖက်ဘာသာရပ် (Minor Subject) အနေဖြင့် သင်ယူရပါသည်။

လက်ရှိသင်ကြားပေးနေသောတက္ကသိုလ်များမှာ -

(၂-က-၁) ဒေလီတက္ကသိုလ် အိန္ဒိယနိုင်ငံ (University of Delhi, India) ရုက္ခဗေဒအထူးပြု ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများတွင် သင်ကြား၊ သုတေသနပြုလျက်ရှိနေပါသည်။ ထိုမှတစ်ဆင့် ဆေးဖက်ဝင်အပင်များ (Medicinal Plants)၊ ရိုးရာ ဓလေ့ဆက်နွှယ်သောရုက္ခဗေဒ (Ethanobotany)၊ ရေရှည်တည်တံ့ခိုင်မြဲစွာဖြင့် အပင်အရင်းအမြစ်များကို အသုံးချခြင်း (Sustainable Plant Resource Utilization) စသည်ဖြင့် ခွဲခြားသင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။

(၂-က-၂) အီလီနိုင်ပြည်နယ်တက္ကသိုလ် အမေရိကန်နိုင်ငံ (Department of Biological Sciences, Illinois State University) ဇီဝသိပ္ပံများဌာနတွင် BSC-211 Economic Botany စီးပွားရေးရုက္ခဗေဒဘာသာအနေဖြင့် အပင်များကို စီးပွားဖြစ်အသုံးချမှုများ သမိုင်း၊ မူရင်းဒေသ၊ အမျိုးအစားကွဲပြားမှုအမျိုးမျိုး စသည်ဖြင့် သင်ကြားလျက်ရှိပါသည်။

(၂-ခ) စိုက်ပျိုးရေးရုက္ခဗေဒဘာသာရပ် (Agri-cultural Botany) စိုက်ပျိုးရေးရုက္ခဗေဒဘာသာရပ်ဆိုသည်မှာ လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် အထောက်အကူပြု ရုက္ခဗေဒဘာသာခွဲများကို အဓိကထားလေ့လာပါသည်။ အဓိပ္ပာယ်မှာ စိုက်ပျိုးရေးအတွက် အသုံးဝင်သော အပင်ရုပ်သွင်ပညာ၊ အပင်ဇီဝကမ္မဗေဒ၊ ဗီဇဗေဒ အစရှိသည်တို့ကို ဆက်စပ်လေ့လာခြင်း ဖြစ်ပါသည်။

(၂-ခ-၁) စိုက်ပျိုးရေးရုက္ခဗေဒဘာသာရပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာသိပ္ပံအဆင့်မြင့်ကျောင်း၊ ကွင်းစလန်တက္ကသိုလ် (Agricultural Botany Subject, School of Agriculture and Food Sciences, University of Queensland, Australia) ဤတက္ကသိုလ်တွင် ကျွန်တော် မဟာစိုက်ပျိုးရေးသိပ္ပံတက်တုန်းကတည်းက စိုက်ပျိုးရေးရုက္ခဗေဒဘာသာရပ် (Agricultural Botany) အနေဖြင့် သင်ကြားနေခဲ့ပြီး စိတ်ပါဝင်စားသူ ကျောင်းသား ကျောင်းသူများ မှတ်ပုံတင် (Registration) တက်ရောက်နိုင်ပါသည်။ စိုက်ပျိုးရေးနှင့်ဆိုင်သော ရုက္ခဗေဒပညာများ၊ အပင်ဂေဟဗေဒ (Plant Ecology) ပညာများ သင်ကြားနေပါသည်။ ကျောင်းသား ကျောင်းသူတစ်ဦး သီးနှံမတူတာ တစ်မျိုးချင်းစီကို အဆောက်အအုံအနီး၌ အိုးကလေးနှင့် လက်တွေ့စိုက်ခဲ့ရသည်ကို အမှတ်ရနေပါသည်။ နှစ်တိုင်းနေကြာတစ်အိုးစီ စိုက်ခိုင်းပြီး အကောင်းဆုံး၊ အပွင့်အကြီးဆုံး နေကြာပန်းရသူ ဒုတိယနှစ်မှ ကျောင်းသား ကျောင်းသူ တစ်ဦးစီကို ပြိုင်ခိုင်းခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုပေးခဲ့သည်ကို တွေ့ရှိခဲ့ရ ပါသည်။

ဆိုလိုသည်က စိုက်ပျိုးရေးမှာ မြေဩဇာနှင့် ရေချည်းပဲ များပြားစွာထည့်သော်လည်း အပင်ကြီးထွားမှုမကောင်းသည်ကို လက်တွေ့ပြပေးလိုက်ခြင်းဖြစ်ပါသည်။ အပင်စိုက်ပျိုးရေးမှာ စာသင်ခန်းထဲတွင် အချိန်မှန် စာတွေ့သင်ကြားသည်ထက် အားလပ်ချိန်လက်တွေ့လုပ်ရသည်က ပိုမိုခက်ခဲသည်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ပါသည်။

(၂-ခ-၂) စိုက်ပျိုးရေးရုက္ခဗေဒဘာသာဌာန ရှာအီဘင်္ဂလာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Department of Agricultural Botany, Sher-e-Bangla Agricultural University) အိမ်နီးချင်းနိုင်ငံက စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုတွင် ဤဘာသာက သီးသန့်ဌာနဖြစ်ပြီး အထူးပြုဘာသာအနေဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ပို့ချပေးလျက်ရှိနေပါသည်။

(၂-ဂ) အပင်ဗီဇဗေဒနှင့် အပင်မျိုးမွေးမြူရေးဌာန/ဘာသာ (Department of Plant Genetics and Plant Breeding) ကျွန်တော်တို့ ကျောင်းသားဘဝကတည်းကပင် ဆရာကြီးဦးကိုကိုကြီး သင်ကြားပေးခဲ့သော မင်ဒယ်၏ ဗီဇပညာဥပဒေ (Mendel’s Law of Heredity) သင်ယူရင်း ဆရာမကြီး ဒေါက်တာနွဲ့နွဲ့ထွန်း၏ အပင်မွေးမြူရေးပညာများကို သင်ယူခဲ့ရပါသည်။ သို့သော် အလွန်အရေးပါလှသော ဤဘာသာရပ်များကို သီးခြားဌာနများ ခွဲထုတ်၍ နိုင်ငံတကာတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများပေးလျက် ရှိနေသည်ကို စိုက်ပျိုးရေးလုပ်ကိုင်သူအားလုံးသိစေချင်ပါသည်။

အပင်ဗီဇဗေဒ (Plant Genetics) ဘာသာအတွက် နိုင်ငံတကာတွင် သင်ကြားပေးနေသော ဘာသာခွဲ၊ ဘာသာစိတ်များမှာ ဗီဇဗေဒမိတ်ဆက် (Principles of Genetics)၊ မော်လီကျူးဆိုင်ရာ ဗီဇဗေဒ (Molecular Genetics)၊ ဆဲလ်ဗီဇဗေဒ (Cytogenetics)၊ ဦးရေဗီဇဗေဒ (Population Genetics)၊ အရေအတွက်ဆိုင်ရာ ဗီဇဗေဒ (Quantitative Genetics)၊ ဂျီနှုန်းနှင့်ဇီဝအချက် အလက်ပညာ (Genomics and Bioinformatics)၊ အပင်ဂျီနှုန်းဖွဲ့စည်းပုံ (Plant Genome Organi-zation and Function)၊ ဗီဇမြေပုံထုတ်ပေးခြင်း (Genetic Mapping and Marker-Assisted Selection)၊ လက်တွေ့ကျသော ဂျီနှုန်းများ (Functional Genomics) စသည်တို့ များစွာရှိပါသည်။

အပင်မျိုးမွေးမြူရေး (Plant Breeding) ဘာသာအတွက် နိုင်ငံတကာတွင် သင်ကြားပေးနေသော ဘာသာခွဲ၊ ဘာသာစိတ်များမှာ အပင်မျိုးမွေးမြူရေးမိတ်ဆက် (Principles and Methods of Plant Breeding)၊ ဦးရေဆိုင်ရာ အပင်မွေးမြူရေး (Quantitative Plant Breeding)၊ သီးနှံဖွံ့ဖြိုးမှု မဟာဗျူဟာများ (Crop Improvement Strategies)၊ စပ်မျိုးအပင်မွေးမြူရေးပညာ (Hybrid Breeding)၊ မျိုးထွန်းမွေးမြူရေး (Mutation Plant Breeding)၊ ဗီဇမျိုးစေ့ရွေးချယ်ခြင်းနှင့် မျိုးထိန်းခြင်း (Germ plasm Evaluation and Conservation)၊ မော်လီကျူးဆိုင်ရာအပင်မျိုးမွေးမြူရေး (Molecular Breeding and Merker-Assisted Selection)၊ ဗီဇအင်ဂျင်နီယာပညာ (Genetic Engineering) စသည်တို့ဖြစ်ပါသည်။

(၂-ဂ-၁) အပင်မျိုးမွေးမြူရေးသင်ကြားရေးနှင့် သုတေသနဌာန ကယ်လ်လီဖိုးနီးယားတက္ကသိုလ် (ဒေးဗစ်) အမေရိကန်နိုင်ငံ (Plant Breeding Center, University of California) အမေရိကန်နိုင်ငံနှင့်အတူ ကမ္ဘာ့ထိပ်တန်းရောက် အပင်မွေးမြူရေးဌာနဖြစ်ပြီး ကမ္ဘာကျော် နိုင်ငံပေါင်းစုံအပင် မွေးမြူရေးပညာရှင်များ (World-known Plant Breeders) မွေးထုတ်ပေးသောနေရာလည်း ဖြစ်ပါသည်။

ဤနေရာမှ အပင်မျိုးမွေးမြူရေးအကယ်ဒမီ (UC Davis Plant Breeding Academy) လည်းရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ အပင်မျိုးမွေးမြူရေးသီးသန့်အထူးပြုဘွဲ့များ နှစ်စဉ်ပေးအပ်လျက်ရှိနေပါသည်၊

(၂-ဂ-၂) ဗီဇဗေဒဌာနကြီး အိန္ဒိယစိုက်ပျိုးရေး သုတေသနဗိမာန် နယူးဒေလီအိန္ဒိယနိုင်ငံ (Division of Genetics, IARI Indian Agricultural Research Institute, New Delhi, India) ကျွန်တော်တို့အဖွဲ့ ရောက်ရှိလေ့လာခဲ့သော သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ဤနေရာတွင် Agriculture ကို မွေးမြူရေးမပါဘဲ စိုက်ပျိုးရေးသီးသန့်သာဖြစ်ပါသည်။

(၂-ဂ-၃) အပင်မျိုးမွေးမြူရေး သင်ကြား/သုတေသနဌာနကြီး ဆစ်ဒနီတက္ကသိုလ် ဩစတြေးလျနိုင်ငံ (Plant Breeding Institute, University of Sydney, Australia) ဆစ်ဒနီတက္ကသိုလ်သည် ရှေးနှစ်ပေါင်းများစွာကတည်းက အပင်မျိုးမွေးမြူရေးပညာရှင်များစွာ မွေးထုတ်ပေးခဲ့သည့်သာဓက များစွာရှိပါသည်။ ကျွန်တော်တို့တက္ကသိုလ်မှ ဆရာကြီး ဦးသန်းအောင်(ကွယ်လွန်)နှင့် ဆရာကြီး ဦးမြသောင်း (အငြိမ်းစား)တို့မှာ ထိုတက္ကသိုလ်မှ သီးနှံပင်မျိုးသစ်များထုတ်လုပ်ရေး (M.Agr.Sc. – Crop Improvement) မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။

လက်ရှိ စိုက်မွေးဆည်ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် အပင်မွေးမြူရေးပညာ (ပါရဂူဘွဲ့)နှင့် ဒေါက်တာခင်မောင်သက် (အငြိမ်းစားညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန) ဇီဝနည်းပညာ (ပါရဂူဘွဲ့) တို့က ဖိလစ်ပိုင်တက္ကသိုလ် (UPLB) မှ ရရှိခဲ့ပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း ပါမောက္ခ ဒေါက်တာစိုးဝင်းနှင့်အတူ ဆရာ ဆရာမအချို့ နိုင်ငံတကာမှ အပင်မျိုးမွေးမြူရေးပညာ (မဟာသိပ္ပံ၊ ပါရဂူဘွဲ့များ) ရရှိပြီးတော့ လက်ရှိသင်ကြား၊ သုတေသနပြုနေပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဌာနတွင်လည်း အမိစိုက်ပျိုးရေးတက္ကသိုလ်မှ ပထမဘွဲ့ရနှင့် နိုင်ငံတကာဘွဲ့လွန် ဘွဲ့ရပညာရှင်များ ရှိနေပါသေးသည်။

အပင်မျိုးမွေးမြူရေးမှ အထွက်ကောင်း၊ ရေကြီး၊ မိုးခေါင် အစရှိသော ရာသီဥတု ဖောက်ပြန်ဒဏ်ခံနိုင်မှု၊ ပိုးမွားရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အရသာကောင်း၊ အာဟာရဓာတ်များသော သီးနှံမျိုးသစ်များကို ထုတ်လုပ်ပေးခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ များပြားစွာထုတ်လုပ်မှု စိန်ခေါ်ချက်များကို ဖြေရှင်းပေးနိုင်ပါသည်။

(၂-ဃ) အပင်ဇီဝကမ္မဗေဒ (Plant Physiology) ဤဘာသာရပ်မှာ ရုက္ခဗေဒဘာသာခွဲတစ်ခုဖြစ်ပြီး အပင်ဗီဇပညာ၊ အပင်မျိုးမွေးမြူရေးတို့နှင့် မတူသော သီးသန့်ဘာသာရပ်တစ်ခုဖြစ်ပါသည်။ ကျွန်တော်၏ မဟာသိပ္ပံအထူးပြုမှာကိုက ဤဘာသာခွဲဖြစ်သော သီးနှံဇီဝကမ္မဗေဒ (Crop Physiology) ထိုမှ အပင်ကြီးထွားမှုဆိုင်ရာ ဇီဝကမ္မဗေဒ (Growth Physiology) ဘာသာခွဲဖြစ်ပါသည်။

နိုင်ငံတကာတွင် စိုက်ပျိုးရေးအတွက် အကောင်းဆုံးဇီဝကမ္မဗေဒဌာန/ဘာသာရပ် သင်ကြား၊သုတေသနပြုနေသော တက္ကသိုလ်များမှာ-

(၂-ဃ-၁) အပင်အင်္ဂါများနှင့် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုဌာန ဟားဗတ်တက္ကသိုလ် အမေရိကန်နိုင်ငံ (Department of Organismic and Evolutional Biology) တွင် အပင်ဇီဝကမ္မဗေဒကို စုပေါင်းဇီဝဗေဒ (Integrative Biology) ခေါင်းစဉ်အောက်မှ လေ့လာအဖြေရှာနေသော ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (နံပါတ်-၁) ဖြစ်ပါသည်။

(၂-ဃ-၂) သီးနှံသိပ္ပံဌာန စိုက်ပျိုးရေး၊ မူဝါဒနှင့် အဆင့်မြင့်ကျောင်း ရက်ဒင်းတက္ကသိုလ် ယူကေနိုင်ငံ (Department of Crop Science, School of Agriculture, Policy and Development) စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ယူကေနိုင်ငံနာမည်ကြီး တက္ကသိုလ်တွင် အဓိကသင်ကြားရေးနှင့် သုတေသနဖြစ်သည့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်ပေါ်စေမည့် အပင်မျိုးများ မွေးမြူရေးဆိုင်ရာ ဇီဝကမ္မဗေဒကို လက်ရှိအဓိကထား၊ သင်ကြားသုတေသနပြုနေပါသည်။

(၂-င) အပင်ဂေဟဗေဒ/သီးနှံဂေဟဗေဒဌာန (Department of Plant Ecology/ Department of Agroecology) စိုက်ပျိုးသီးနှံများနှင့် ပတ်ဝန်းကျင်ဆက်စပ်မှုဘာသာ (Agroecology) ကို အမှတ်စဉ်-၁ (ထပ်တိုးသင့်သောလယ်ယာသီးနှံဘာသာများတွင် ရေးသားပြီးပါပြီ) ယခုအပင်နှင့် ပတ်ဝန်းကျင်ဆက်နွှယ်မှုကို လေ့လာသောပညာ (Plant Ecology)ကို စိုက်ပျိုးရေးကဏ္ဍအတွက် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် သင်ကြားသုတေသနပြုနေကြသည်ကို ကြည့်ရအောင်ပါ။

(၂-င-၁) ဝုပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဗိမာန်စတန်းဖို့ပုဂ္ဂလိကတက္ကသိုလ် အမေရိကန်နိုင်ငံ (Woods Institute for the Environment, Stanford University (Private), US) စိုက်ပျိုးရေး ဆိုင်ရာဂေဟဗေဒ (Agricultural Ecology)၊ အပင်များအတွင်း အာဟာရလှည့်ပတ်မှု (Nutrient-Cycling)၊ အပင်နှင့်ရေ ဆက်စပ်မှုအကြောင်း (Plant-Water Relationships) စသည်တို့ဖြင့် စုံလင်အောင်လေ့လာသင်ကြား၊ သုတေသနပြုနေပါသည်။

(၂-င-၂) သီးနှံဂေဟဗေဒဌာန နန်ကျင်းစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တရုတ်နိုင်ငံ (Department of Crop Ecology, Nanjing Agricultural University, China) ဤတက္ကသိုလ်၌ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးမွေးမြူရေးကို သီးနှံဂေဟအထူးပြု ကျောင်းသားများက လယ်ယာသီးနှံဌာနမှ ဘာသာရပ်များဖြင့် ဆက်စပ်သင်ကြားကာ သုတေသနပြုဒေသအကျိုး၊ နိုင်ငံအကျိုးကို ထမ်းဆောင်လျက်ရှိနေပါသည်။

ဤဘာသာရပ်နှင့် ဆက်စပ်၍ လိုအပ်သော နောက်ဘာသာရပ်ဌာနတစ်ခုမှာ စိုက်ပျိုးရေးမိုးလေဝသဌာန (Department of Agrometeoro-logy)၊ ဇီဝဆိုင်ရာ မိုးလေဝသဌာန (Department of Bioclimatology) နှင့် အပင်မွေးမြူရေးမှ ထပ်မံခွဲထွက်သွားသော အပင်ဇီဝနည်းပညာ (Plant Biotechnology)တို့ ဆွေးနွေးစရာကျန်ပါသေးသည်။

နောက်ဆောင်းပါးများတွင်မှ C-Chemistry ဓာတုဗေဒနှင့်စိုက်ပျိုးမွေးမြူရေး ဆက်စပ်ဘာသာရပ်များအကြောင်းနှင့်အတူ ဆက်လက်ဆွေးနွေးပါဦးမည်။

မိတ်ဆွေတစ်ယောက်က တင်ပြထားတာပါ။ နိုင်ငံခြားတက္ကသိုလ်က ပါမောက္ခအချို့ပြောတာက ‘မြန်မာပြည်က ကျောင်းသား ကျောင်းသူအများစု က တိုင်းပြည်မှာလိုအပ်ချက် သိပ်မရှိတဲ့ ပညာရပ်တွေကို စုပြုံတိုးဝှေ့သင်နေပြီး တကယ်လိုအပ်တဲ့ ပညာရပ်တွေကိုတော့ သင်ကြား၊ သင်ယူနေသူတွေ နည်းနေပါတယ်တဲ့။ မင်းတို့ မြန်မာနိုင်ငံမှာ တကယ်လိုနေတာက စိုက်ပျိုးမွေးမြူရေးပညာရှင်တွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေ များများမွေးထုတ်ဖို့ လိုနေပါတယ်’ လို့ သုံးသပ်ပါတယ်။

အမိနိုင်ငံအတွင်း ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် အလုပ်အကိုင်လိုအပ်မှု အတွဲညီချိတ်ဆက်မှု (Matching between Graduate Subjects/Disciplines and Employability/Urgent Needs for Country Economic Development) ရှိအောင် အစိုးရ၊ ပုဂ္ဂလိက (အဆင့်မြင့် Higher Education၊ အသက်မွေးဝမ်းကျောင်းသင်တန်း (Technical and Vocational Education and Training) များမှ ညီညာစွာ ကြိုးစားကြပါစို့။ ။

(နောက်လိုအပ်သော ဘာသာရပ်များအကြောင်း အမိတက္ကသိုလ်နှစ် (၁၀၀) ပြည့်နှင့်အတူ ဆက်လက်ဂုဏ်ပြုရေးသား၊ ဆွေးနွေးပါဦးမည်)