အဓိကအကြောင်းအရာသို့ သွားမည်
x

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဝန်ကြီးဌာနအားကစားသမားများအား ဂုဏ်ပြု

နေပြည်တော် ဒီဇင်ဘာ ၂၅

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဝန်ကြီးဌာန အားကစားသမားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားမောင်၊ မယ်များ၊ နည်းပြများနှင့် အားကစားအသင်းတာဝန်ခံများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တစ်ဦးချင်းအားကစားထူးချွန်ဆုများကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးများက အသင်းလိုက်အားကစားဆုများကို ချီးမြှင့်ပေးအပ်ကြရာ အားကစားအသင်းတာဝန်ခံများက လက်ခံရယူကြကာ အားကစားအသင်းအလိုက် တာဝန်ခံများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲအတွေ့အကြုံများနှင့် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝန်ကြီးဌာနအားကစားသမားများနှင့်အတူ ဂုဏ်ပြုလက်ဖက်ရည်အတူတကွ သုံးဆောင်ခဲ့ကြသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများက အားကစားနည်းခြောက်မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ကြောင်း သိရသည်။