အဓိကအကြောင်းအရာသို့ သွားမည်
x

အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ရေထွက်ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၀ ရက်က ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ Two Rivers Company Limited သို့ရောက်ရှိ ပြီး ငါး၊ ပုဇွန် ပြုပြင်အေးခဲထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံက အရည်အသွေးမြင့် ငါး၊ ပုဇွန် ပြုပြင်အေးခဲ၍ SAUDI, CHINA, DUBAI, UAE,VIETNAM, OMAN, DOHA QATAR နိုင်ငံများသို့ တင်ပို့နေမှုနှင့် MSL Industries Co., Ltd. ဒိန်းမတ်နိုင်ငံမှ အဆင့်မြင့်အေးခဲခြင်းနည်းပညာဖြင့် SAUDI, CHINA, KOREA, MALAYSIA, INDIA နိုင်ငံများသို့ တင်ပို့နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ အင်းစိန်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ဆေးကုသိပ္ပံသို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ စီးပွားဖြစ် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ခေါင်းဆောင်မှုအခန်းကဏ္ဍမှပါဝင်မည့် အရည်အချင်းပြည့်ဝသည့် တိရစ္ဆာန်ဆေးကုအလယ်အလတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ တားဆီးကာကွယ်ထိန်းချုပ်ရေးတို့နှင့် လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာနိုင်သည့် အတွေ့အကြုံကောင်းများကိုလည်း ဆက်လက်လေ့လာကြရန် မှာကြားပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ထို့နောက် လှိုင်သာယာစက်မှုဇုန်ရှိ Mega Marine Frozen Seafood Co.,Ltd.၊ Hlaing Htate Khaung Cold Store & Processing Plant နှင့် Shwe Myinn Company Limited အအေးခန်းစက်ရုံများသို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက ထုတ်ကုန်များ၏ အရည်အသွေးနှင့် အာမခံချက်ပြည့်ဝသည့် ထုတ်ကုန်ဖြစ်စေရန်အတွက် စက်ရုံအနေဖြင့် တင်ပို့မည့်နိုင်ငံများ၏ လိုအပ်ချက်အရ ငါးမွေးမြူရေးအလေ့အကျင့်ကောင်း Best Aquaculture Practice (BAP) စနစ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပြီး ထုတ်လုပ်မှုကဏ္ဍအလိုက် (BAP) စနစ်ကို ကျွမ်းကျင်နားလည်သော ဝန်ထမ်းများဖြစ်စေရေး လေ့ကျင့်ပေးရန် ဆွေးနွေးမှာကြားပြီး စက်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။