စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်ငန်းအတွက် အလားအလာကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များ ကွင်းသရုပ်ပြ
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖော်ထုတ်ရရှိသော စပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ထုတ်ကုမ္ပဏီများကရွေးချယ်၍ စီးပွားဖြစ်မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမနှင့် နှံစားသီးနှံသုတေသနဌာနစု စိုက်ကွင်းတို့၌ ကျင်းပသည်။
အဆိုပါပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများ၊ သုတေသီများနှင့် ပညာရှင်များ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် အရေးကြီး သီးနှံမျိုး (၁၀) မျိုးနှင့် ဈေးကွက်ဝင်သီးနှံများအတွက် သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်သည် သီးနှံအလိုက် မျိုးသစ်မွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး သီးနှံမျိုးသစ်များဖော် ထုတ်နိုင်ခဲ့ကြောင်း၊ ယင်းသီးနှံ မျိုးသစ်များကို စိုက်ပျိုးထုတ်လုပ်ခြင်း၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအသွင်ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အခြားနှံစားသီးနှံသုတေသနဌာနစု တာဝန်ခံက ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာနက သုတေသနပြုဖော်ထုတ်ရရှိသော စပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ထုတ်ကုမ္ပဏီများမှရွေးချယ်၍ စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များ စမ်းသပ်ကွက်နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေးကြပြီး စပ်မျိုးပြောင်းမျိုးသစ် (၁၂) မျိုး၏ မျိုးလိုင်းများကို ကွင်းဆင်းကြည့်ရှု၍ မျိုးရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။