အဓိကအကြောင်းအရာသို့ သွားမည်
x

ခပေါင်းဆည်ရေသောက်စနစ် နွေစပါးစိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းဆည်ရေသောက်စနစ် နွေစပါး စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတွင် စိုက်ပျိုးရေပေးဝေ၍ စိုက်ပျိုးလျက်ရှိသည့်အခြေအနေနှင့် ရေပေးဝေနိုင်ရေးစီမံထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နွေစပါး၊ နွေသီးနှံရာသီတွင် လျာထားဧကများပြည့်မီပြီး အောင်မြင်ဖြစ်ထွန်းသည်အထိ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ခပေါင်းဆည်ရေသောက်စနစ် နွေစပါးစိုက်ပျိုးရေပေးဝေနေမှုနှင့် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် စိုက်ပျိုးအောင်မြင်လျက်ရှိသော သက်တမ်း ရက်၃၀ ရှိ စူပါဆန်း (၄၁) နေကြာ ၁၆ ဧက စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက်ရရှိရေးနှင့် နေကြာအစေ့အဆန် ပြည့်ဝအောင်မြင်ရေးအတွက် အထောက်အကူပြုစေသည့် ပျားမွေးမြူရေး၊ ပျားပုံးများကို လိုအပ်သည့်အချိန်တွင် ချထားနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။