နေပြည်တော်ကောင်စီနယ်မြေအတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံ
“၂၀၃၀ ပြည့်နှစ်တွင် ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး” ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့၌ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်သည်။
အဆိုပါအစီအစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကြည့်ရှုအားပေးပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) စစ်တမ်းများအရ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ဖြစ်ပွားလျက်ရှိသော ခွေးရူးရောဂါကြောင့် နှစ်စဉ်လူပေါင်း ၆ဝဝဝဝ နီးပါး အသက်ဆုံးရှုံးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရသူဦးရေ မြင့်တက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ၁၈၀၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀၀၀ နှင့် ၂၀၁၉ ခုနှစ်တွင် လူဦးရေ ၁၉၃၀၀၀ ခွေးကိုက်ခံခဲ့ ရကြောင်း၊ သေဆုံးမှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၁၄၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၇၁ ဦး၊ ၂၀၁၉ ခုနှစ် ပထမငါးလတွင် ၇၀ ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ ခွေးရူးရောဂါဖြစ်ပွားသူ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကျော်မှာ ခွေးကိုက်ခံရခြင်းမှတစ်ဆင့် ရောဂါကူးစက်ခံရပြီး အများအားဖြင့် ဆင်းရဲနွမ်းပါးပြီး အသိပညာနည်းပါးသည့် ကျေးလက်တောရွာ များတွင်ဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် ခွေးကောင်ရေလေးသန်း ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးများဖြစ်သည့်အတွက် ခွေးရူးရောဂါဖြစ်ပွားမှု ပပျောက်စေရေး ဆောင်ရွက်ရာတွင် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့ရပြီး လမ်းဘေးခွေးကောင်ရေ လျော့ပါးသွားစေရန် သားဆက်ခြားနည်း သို့မဟုတ် သားကြောဖြတ်နည်းများ အသုံးပြုဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ခွေး၊ ကြောင်များတွင် ခွေးရူးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံ ပေးသွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
Mass Dog Vaccination ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈ - ၂၀၃၀) ကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များ၌ ခွေးရူးရောဂါကင်းစင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။