(၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ဆွေးနွေးပွဲတွင် ၂၀၂၄-၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မှုအခြေအနေ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေးအတွက် မြေဆီလွှာအာဟာရဓာတ်စီမံခန့်ခွဲခြင်း၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေး ရေစီမံခန့်ခွဲမှုနည်းစနစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှ တက်ရောက်၍ နေကြာသီးနှံ လျာထားဧရိယာ ပြည့်မီရေးအတွက် မိမိတွေ့ရှိချက် လေ့လာချက်များအရ နေကြာစပ်မျိုးများအပြင် ဆင်းရွှေကြာ-၂ ကို အသုံးပြုရန် တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များတွင် ခရိုင် မြို့နယ်များအလိုက် မျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင်၍ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စံပွင့်များ ရွေးချယ်စိုက်ပျိုးကာ မျိုးစေ့ထုတ်ရန်တိုက်တွန်းလိုပါကြောင်း၊ ဂေဟစနစ်ကောင်း မကောင်းကို သိရှိနိုင်သော အညွှန်းသီးနှံပင်အဖြစ် အသုံးပြုနိုင်ပါကြောင်း၊ နေကြာသီးနှံကို ဂေဟစနစ်ပြန်လည်ကျန်းမာလာစေရေး အထောက်အကူပြုစိုက်ပျိုးရမည့် သီးနှံဖြစ်သည်ကို အားလုံးသိရှိထားရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိရေးအတွက် တောင်သူကြီးများ၏ သီးနှံဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နီလာသန်းက ၂၀၂၄-၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာနီနီတင့်က ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဆီလွှာအာဟာရဓာတ်စီမံခန့်ခွဲခြင်းဆိုင်ရာများကိုလည်းကောင်း၊ ဒေါက်တာအောင်ကျော်သူက ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေး ရေစီမံခန့်ခွဲမှုနည်းစနစ်ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ဆွေးနွေးချက်များ အပေါ် သုံးသပ်ဆွေးနွေးသည်။
ယနေ့ ကျင်းပသည့် (၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေတွင်းမှ စိုက်ပျိုးရေးပညာရှင် ၅၅ ဦးနှင့် တောင်သူ ၄၀ တို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်နှင့် တောင်သူ ၁၂၅ ဦးတို့က Zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။