ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံများစိုက်ပျိုးမှုနှင့် စမုံရေထိန်းတမံနှင့် ရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် တောမအုပ်စုဥယျာဉ်ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ ၃) မျိုးများကို ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများ၏ ဧက ၅၀ စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး သဲထုတ်ရေတံခါး၊ ပင်မရေပိုလွှဲနှင့် ရေတံခါးတပ်ရေပိုလွှဲများ ပြုပြင်ဆောင်ရွက်နေမှု၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အလျားပေ ၅၀၀ ရှိ အကူရေပိုလွှဲ ထည့်သွင်းဆောင်ရွက်နေမှုနှင့် ရေစစ်သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် မိတ္ထီလာစက်မှုဇုန်ရှိ ပုဂ္ဂလိကတိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်တွင်းတိရစ္ဆာန် အစာလိုအပ်ချက် ပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၏အရေးပါမှု၊ တိရစ္ဆာန်အစာ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စနစ်ကို အသုံးပြု၍ စက်ရုံလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ စမုံချောင်းရေလွှဲမြောင်းဖောက်လုပ်ခြင်းနှင့် စမုံရေထုတ်ပြွန်အောက်ပိုင်းရှိ ရေသောက်ဧရိယာ ဧက ၂၀၀၀၀ ကျော်ခန့်ကို ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ရေပေးဝေရန်အတွက် ယာယီရေပေးမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည့် ယာယီရေတားတမံမှ နွေသီးနှံ ရေပေးဝေမည့် ယာယီရေပေးမြောင်းကို သံဖရိန်၊ သံပြားကာ၊ ကွန်ကရစ်ခင်းဖြင့် ဆောင်ရွက်ပြီး မတ် ၆ ရက်မှစတင်၍ ရေစမ်းသပ်ပေးဝေလျက်ရှိသည်။
ဆက်လက်၍ ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာ တောင်သူဦးသန်းထွန်း၏ ငါးမွေးကန် ၁၃ ကန်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြစ်သားမြို့နယ် ရွာသစ်ကျေးရွာရှိ ဆောင်းကြက်သွန်နီ (ရွှေဖလား) ဧက ၁၀၀ စံပြကွက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။