မြေယာလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များအတွက် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေ၊ စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်လို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပါဝင်သော ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှု၊ ကော်ဖီစိုက်ပျိုး လုပ်ကိုင်ခွင့်ရသူများလိုက်နာရန် စည်းကမ်းချက်များနှင့် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့် အသစ်ချထားပေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကော်ဖီစိုက်ပျိုးရန် မြေအသုံးပြုခွင့် တောင်းခံထားသူများအား ခွင့်ပြုရန်လျာထားသည့် နယ်မြေဇုန်အလိုက် စုစည်းခေါ်ယူတွေ့ဆုံသွားရန်၊ တွေ့ဆုံချိန်တွင် အမှန်တကယ်စိုက်ပျိုးရန် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများ ပြည့်စုံမှုရှိမရှိတွက်ချက်ရန်၊ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံပြသပြီး သတ်မှတ် စည်းကမ်းချက်များအတိုင်း မှန်မှန်ကန်ကန်စိုက်ပျိုးနိုင်ရန်နှင့် တစ်ပါတည်းစာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုသွားရန်၊ နိုင်ငံပိုင်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေနှင့် လွှဲပြောင်းခွင့်လွှဲရောင်းခဲ့သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အရှိန်မတန့်သွားစေရေး စဉ်းစားပေးပြီး အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းခွန်ဝယ်ခွန်များကို ဥပဒေနှင့်အညီ နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းစေခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက်တွင် သတ်မှတ်ကာလပြည့်သွားပြီဖြစ်ကြောင်း။
အခွန်ငွေပေးသွင်းရန် ကျန်သူများအနေဖြင့် မိမိတို့ကြိုတင်ကြေညာထားပြီးဖြစ်သည့်အတိုင်း တရားစွဲဆိုခြင်း၊ အမည်မည်းစာရင်းသွင်းခြင်းနှင့် လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်းတို့ကို ဧပြီလကုန်အပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ခိုင်လုံသောအကြောင်းပြချက်ဖြင့် လာရောက်ဆက်သွယ်၍ အခွန်ငွေပေးသွင်းလျှင် သတ်မှတ်ဒဏ်ကြေးဖြင့် ခွင့်ပြုပေးနိုင်ရေးအတွက် ကော်မတီသို့ တင်ပြသွားရန်ဖြစ်ကြောင်း၊ ဥပဒေကို မသိနားမလည်ဟုဆိုရုံမျှဖြင့် ဥပဒေကခွင့်လွှတ်မည် မဟုတ်ကြောင်းကိုလည်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းရှင်များအား ရှင်းပြပေးရန်လိုကြောင်း၊ ယခုတစ်ကြိမ် စာချုပ်ချုပ်ဆိုပြီးသူများအနေဖြင့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပြီး မိမိတို့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရန်အတွက် လိုအပ်သောအကူအညီများ ပေးအပ်သွားရန်ဖြစ်ကြောင်း။
ကော်ဖီစိုက်ခင်းများတွင် ကော်ဖီစေ့အစိမ်း (Green Bean) အထိ ထုတ်လုပ်ရန်ဖြစ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအတွက် သက်ဆိုင်ရာစက်မှုဇုန်များတွင် စက်မှုဇုန်ဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်းကို သေချာစွာရှင်းလင်းပြရန်နှင့် စိုက်ပျိုးခွင့်ရရှိသူများအား ခြောက်လတစ်ကြိမ် အမှန်တကယ် စိုက်ပျိုးတိုးတက်မှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှုတိုးတက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဟန်ပြဆောင်ရွက်လျှင် လုပ်ကိုင်ခွင့်ရုပ်သိမ်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်ကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စံပြဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းပေးကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဝင်များက သိရှိလိုသောအချက်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။