အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် မွေးမြူရေးဇုန်၏ ရေလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် တည်ဆောက်ထားရှိသည့် အလျားပေ ၃၃၀ ၊ အမြင့် ၃၆ ပေရှိ ရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေစုပ်ပန့်ဖြင့် ရေယူသုံးစွဲနေမှုနှင့်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကာကီကင်း ဥစားဘဲဥဖောက်စက်၌ ဘဲ သားဖောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ရေထိန်းတမံ၏ကြံ့ခိုင်မှု အရည်အသွေးပြည့်မီရေး ဂရုပြုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ကင်းသာရေထိန်း တမံပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအရ ရေစတင် သိုလှောင်ထားရှိပြီး နွေစပါးဧက ၇၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ထိနွေစပါး ၄၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး မိုးသီးနှံရာသီတွင် မိုးစပါးဧက ၅၂၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကင်းသာကျေးရွာအနီးရှိ ကင်းသာချောင်း ယာယီရေလွှဲတန်း ရေသွင်းမြောင်းမှ ဆိုလာရေတင်စနစ်ဖြင့် သီးနှံများ စံပြစိုက်ပျိုးပြီး အခြားတောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရေး အသိပညာပေးလုပ်ဆောင်နေမှုကိုလည်းကောင်း၊ မုန်ရေထိန်းတမံမှ ၂၀၂၄-၂၀၂၅ နွေသီးနှံရာသီတွင်နွေစပါး၊ နွေအခြားသီးနှံ လျာထားစိုက်ပျိုးမည့် အခြေအနေများနှင့် မြောင်းအလိုက် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ကန်ကြီးမွေးမြူရေးဇုန်ရှိ ဖန်ဟွနို့စားနွားမွေးမြူရေးခြံ သို့ရောက်ရှိပြီး နို့စားနွားမွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးတိရစ္ဆာန် အစာဖူလုံမှုရှိစေရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စု ရေအေးနည်းပညာပြန့်ပွားရေးစင်တာတွင် စိုက်ပျိုးရေးပညာရှင်များ၊ ဒေသခံတောင်သူများအားတွေ့ဆုံ၍ စိုက်ပျိုးနည်းပညာပေး ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဆင်သေရေလှောင်တမံဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေအခြားသီးနှံများ စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ရေး၊ သဘာဝမြေဩဇာသုံးစွဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။