အဓိကအကြောင်းအရာသို့ သွားမည်
x

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ကြောင်းအသိပေးကြေညာ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သတ္တမအသုတ်စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေး ကနဦးမတည်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာအပါအဝင် တောင်သူ့လိုအပ်ချက် ဖြည့်ဆည်းပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ၂၀၁၇ ခုနှစ်မှ ယနေ့အချိန်အထိ စီမံကိန်း ၃၉ ခုကို အကောင်အထည်ဖော်ဆောင် ရွက်ခွင့်ရရှိခဲ့ပြီးကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေလျက်ရှိကြောင်း။

သတ္တမအသုတ် စီမံကိန်းများအကောင်အထည်ဖော်ခွင့်ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် စီမံကိန်းအကောင် အထည်ဖော်ကြမည့် သက်ဆိုင်ရာဌာနတာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း စီမံကိန်း၏ရည်ရွယ်ချက်များအတိုင်း အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Zhang Zhonghua က ဂုဏ်ပြုစကားပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာကြည်တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယခု အကောင်အထည်ဖော်ဆောင်ရွက်မည့် သတ္တမအသုတ် စီမံကိန်းများတွင် ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီနှင့် ဂေါ်ဖီထုပ်စသည့် စားဖိုဆောင်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ ရိတ်သိမ်းပြီးနောက်ပိုင်းနှင့် စီးပွားရေးဆန်းစစ်လေ့လာခြင်းစီမံကိန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေးဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးစီမံကိန်း၊ နေပြည်တော်ရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏သားအောင်နှုန်းတိုးတက်လာစေရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေခြင်းစီမံကိန်း၊ မွေးမြူသူများ၏ အရည်အသွေးမြှင့်တင်ပေးရန်အတွက် မွေးမြူရေးသင်တန်းကျောင်းတည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။