အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း စီမံကိန်းအောင်မြင်ပြီးမြောက်

နေပြည်တော် မတ် ၁၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် “မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် ရာသီဥတုပြောင်းလဲခြင်း၊ မိုးခေါင်ခြင်းနှင့် သီးနှံဖျက်ပိုးကျရောက်ခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေလျက်ရှိပြီး စပါးသီးနှံတွင် ဆစ်ပိုး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတွင် စုပ်စားပိုး၊ ပဲမျိုးစုံတွင် သီးလုံးဖောက်ပိုးတို့ အများဆုံးကျရောက်သည်ကို တွေ့ရှိရပါကြောင်း၊ သီးနှံကြီးထွားမှုအဆင့်အလိုက် ဆုံးရှုံးမှုအနေဖြင့် သီးနှံအများစု၌ စိုက်ပြီးတစ်လတွင် ပျက်စီးဆုံးရှုံးမှုများနှင့် သိုလှောင်ချိန် ပျက်စီးဆုံးရှုံးမှုများရှိသကဲ့သို့ ရိတ်သိမ်းပြီး နောက်ပိုင်းကာလတွင် ကြုံတွေ့ကြရသည့် သီးနှံလေလွင့်ဆုံးရှုံးမှုက ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း။

ရာသီဥတုပြောင်းလဲခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံး သီးနှံများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင် ပဲကြီး၊ နေကြာ၊ နှမ်းသီးနှံတို့ဖြစ်ကြောင်း၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သွင်းအားစုဈေးနှုန်းမြင့်မားခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အလုပ်သမားရှားပါးခြင်း၊ သီးနှံဖျက်ပိုးနှင့် ပေါင်းကျရောက်ခြင်းနှင့် စိုက်ပျိုးရေရရှိမှု ခက်ခဲခြင်းစသည့် အခက်အခဲများကို တောင်သူများ အများဆုံးကြုံတွေ့ကြရသည်ကို ယခုစီမံကိန်းတွင် လေ့လာဆန်းစစ်နိုင်ခဲ့ပါကြောင်း၊ အပူပိုင်းဇုန်ဒေသရှိ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ဒေသ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်စေခဲ့သော ယခုစီမံကိန်း ဆောင်ရွက်ခွင့်ရရှိရေးနှင့် စီမံကိန်း၏ ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် ကြိုးပမ်းပေးခဲ့ကြသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(နေပြည်တော်) သံရုံးတာဝန်ခံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က စီမံကိန်းအောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် ဂုဏ်ပြုစကားပြောကြားကြပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာသန္တာကြည်က စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တာဝန်ရှိသူများက စီမံကိန်း၏ ရောဂါပိုးမွှားဆိုင်ရာ သုတေသနတွေ့ရှိချက်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်းခုနစ်ခုဆောင်ရွက်ခွင့်ရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)တွင် စီမံကိန်းဦးစီးဌာန စီမံကိန်းစိစစ်သုံးသပ်ရေးဌာနခွဲက တာဝန်ယူဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးမှ ခုနစ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ ရှစ်မြို့နယ် စုစုပေါင်းမြို့နယ် ၁၅ ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံဖျက်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းကို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား အဓိကအသုံးပြုကြသော်လည်း သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် စိုက်ချိန်ညှိခြင်း၊ မျိုးပြောင်းလဲခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်းနှင့် မြေနှင့် ရေစီမံခန့်ခွဲခြင်း၊ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းလမ်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးပညာရှင်များ ဖြန့်ဝေပေးနိုင်ခဲ့သဖြင့် တောင်သူများဝင်ငွေတိုးတက်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးကို များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။