အဓိကအကြောင်းအရာသို့ သွားမည်
x

ထုတ်ဝေပြီးမြေပဲမျိုးများ သရုပ်ပြစိုက်ပျိုးပြသ

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံသည် ပြည်တွင်းစားသုံးဆီ အတွက် အားထားရကာ တောင်သူများအတွက် အကျိုးအမြတ်ရရှိမှုသေချာစေနိုင်ပြီး တောင်သူ လယ်သမားများ၏ လူနေမှုဘဝဖွံဖြိုးတိုးတက်စေနိုင်သောသီးနှံဖြစ်ပါသည်။ မြေပဲသီးနှံကို မြန်မာနိုင်ငံတဝှမ်းလုံးတွင် စိုက်ပျိုးကြပါသည်။ မြေပဲသီးနှံကို သီးသန့် (သို့မဟုတ်) ပဲစဉ်းငုံ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ယာမြေများ၌ မိုးရာသီတွင် စိုက်ပျိုး၍ ကိုင်းကျွန်းမြေများ၌ ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည်တွင် စပါးအပြီးသီးထပ်အဖြစ် စိုက်ပျိုးကြပြီး ကိုင်းကျွန်းများတွင်လည်း စိုက်ပျိုးလျှက်ရှိပါသည်။ မြေပဲ သီးနှံကို စားသုံးဆီအပြင်၊ စားသောက်ကုန်လုပ်ငန်းများတွင်လည်း အသုံးပြုလျှက်ရှိပြီး မြေပဲလုံးဆံ များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံများသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံသုတေသန ဌာနစု၌ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ရာသီဥတုပြောင်းလဲမှုအား လိုက်လျော ညီထွေမှု၊ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေး၊ အပင်မျိုးရိုးဗီဇနှင့် သဘာဝအရင်း အမြစ်များထိန်းသိမ်းခြင်းနှင့် မျိုးပွားများခြင်း၊ မျိုးစေ့ထုတ်ခြင်း၊ သုတေသနနှင့်နည်းပညာ တိုးတက်ရေးအစရှိသော သုတေသနအစီအစဉ်များအောက်တွင် စီမံကိန်းများချမှတ်၍‌ သက်လျင် အထွက်ကောင်းမြေပဲမျိုးများရရှိရန်၊ အထွက်နှုန်းမြင့်၍ အရွက်ရောဂါဒဏ်ခံနိုင်သောမြေပဲမျိုးများ ရရှိရန်၊ အထွက်နှုန်းသင့်တင့်၍ ရေငတ်ဒဏ်ခံနိုင်သောမြေပဲမျိုးများရရှိရန်၊ အစေ့စားမြေပဲမျိုးများ ရရှိရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ဒေသ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့် မြေပဲ သီးနှံမျိုးသစ်များရရှိရန်အတွက် မျိုးကူးစပ်ခြင်း၊ သားဆက်အဆင့်ဆင့်ရွေးချယ်ခြင်း၊ အထွက် ယှဉ်ပြိုင်ရွေးချယ်ခြင်းများအား အဆင့်ဆင့်ဆောင်ရွက်ရပါသည်။ ယင်းကဲ့သို့သုတေသနပြု မွေးမြူ ရရှိသောမျိုးသစ်များကို မြေပဲစိုက်တောင်သူများ ရွေးချယ်အသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောက်ရှိ ခြံများတွင်လည်းကောင်း စံပြကွက်များပြုလုပ်၍ပြသခြင်းများကို ဆောင်ရွက်ကြရပါ သည်။

ဆီထွက်သီးနှံသုတေသနဌာနစုအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေပဲသီးနှံသုတေသန လုပ်ငန်းများအနက် ၂၀၁၉-၂၀၂၀ခုနှစ်အထိ မြေပဲသီးနှံ(၁၂)မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီး ထိုထုတ်ဝေပြီး မြေပဲမျိုးများမှ တောင်သူများကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနေသော မြေပဲမျိုးများဖြစ်သည့် ဆင်းပဒေသာ-၆၊ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၁၂၊ ဆင်းပဒေသာ-၁၃ မြေပဲ မျိုးများနှင့် တောင်သူများလက်ရှိအသုံးပြုလျှက်ရှိသည့် Sp121 မြေပဲမျိုးတို့ အထွက်ယှဉ်ပြိုင်  စမ်းသပ်ခြင်းကို ဆီထွက်သီးနှံသုတေသနဌာစုတွင် ၂၀၂၁ ခုနှစ်(မိုးရာသီ)၌ စိုက်ပျိုးဆောင်ရွက် ထားခြင်းဖြစ်ပါသည်။ ထုတ်ဝေပြီးမြေပဲမျိုးများဖြစ်သည့် ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁နှင့် ဆင်းပဒေသာ-၁၃ မြေပဲမျိုးများသည် အထွက်နှုန်းမြင့်မားသည့်အပြင် နေရာဒေသမရွေး ဖြစ်ထွန်း နိုင်ပါသည်။ ဆင်းပဒေသာ-၆ မြေပဲမျိုးနှင့် ဆင်းပဒေသာ-၁၂ မြေပဲမျိုးများသည် ရေငတ်ဒဏ် ခံနိုင်ပြီး မိုးရေချိန်နည်းပါးသည့်အပူပိုင်းဒေသများနှင့်သင့်တော်သော မျိုးများဖြစ်ပါသည်။ ထို့ကြောင့် တောင်သူများ လက်ရှိအသုံးပြုလျှက်ရှိသည့် ဒေသမျိုးများနေရာတွင် အထက်ဖော်ပြပါ အထွက်နှုန်း ကောင်းမွန်သည့် မြေပဲမျိုးများကို အစားထိုးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ပါသည်။ မြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်အတွက် ဆီထွက်သီးနှံသုတေသနဌာနစုအနေဖြင့် အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့် မြေပဲမျိုးသစ်များရရှိရန် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တောင်သူများအနေဖြင့် ထုတ်ဝေပြီးမြေပဲမျိုး များနှင့်ပတ်သက်သည့် မျိုး၊ စိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍ သိလိုသည်များရှိပါက ဆီထွက်သီးနှံ သုတေသနဌာနစုတွင် သွားရောက်လေ့လာမေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။