အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၂ ခုနှစ်၊ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲအတွက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ထားရှိ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ပိုမိုမွေးမြူလာနိုင်၍ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ (၂၈-၁-၂၀၂၂) ရက်မှ (၃၀-၁-၂၀၂၂) ရက်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်၊ ညွှန်ကြားချက်များ နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါပြပွဲ၊ ပြိုင်ပွဲတွင် တိရစ္ဆာန်ကူးစက်ရောဂါများကင်းရှင်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြပွဲ၊ ပြိုင်ပွဲကျင်းပမည့်နေရာနှင့် (၅)ကီလိုမီတာအဝန်းအဝိုင်း အတွင်းရှိ ကျေးရွာ(၁၁)ရွာတို့တွင် တိရစ္ဆာန်ကူးစက်ရောဂါကင်းရှင်းမှုအခြေအနေအား စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းကို (၂၃-၁၂-၂၀၂၁)ရက်မှ (၃၀-၁၂-၂၀၂၁) ရက်အထိ နမူနာပစ္စည်းများရယူ၍  စနစ်တကျဆောင်ရွက်ခဲ့ရာ ဓါတ်ခွဲခန်းစစ်ဆေးချက်များအရ အဆိုပါဒေသတွင် ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ ကျွဲနွားတီဘီရောဂါ၊ ဘရူဆဲလ်လာသားလျှောရောဂါနှင့် ဆိတ်ပလိပ်ရောဂါများ ကင်းရှင်းလျက်ရှိသည့်ဒေသ အဖြစ် သတ်မှတ်နိုင်သည့် ရှေ့ပြေးစူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများအား စနစ်တကျ ကြိုတင်ဆောင်ရွက်လျက်ရှိပါသည်။

ပြပွဲ၊ ပြိုင်ပွဲကာလအတွင်း တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအဖြစ် ပြသ၊ ယှဉ်ပြိုင်မည့် တိရစ္ဆာန်များအား သတ်မှတ်ထားသော ကျန်းမာရေးစစ်ဆေးခြင်းပုံစံ နှင့်အညီ စနစ်တကျ စစ်ဆေးလက်ခံပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေး၍ ပြသ၊ ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။