အဓိကအကြောင်းအရာသို့ သွားမည်
x

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023)ကျင်းပ

     (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကျင်းပသည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် နှင့် ကောင်စီဝင်များ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လယ်ယာကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများ နှင့် မျိုးစေ့ကုမ္ပဏီ (၂၃)ခု မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသား ကျောင်းသူများ၊ မျိုးစေ့ထုတ် တောင်သူလယ်သမားများနှင့် ဒေသနေ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

  “မျိုးစေ့ပြပွဲ ၂၀၂၃” ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍနှင့် စပ်လျဉ်း၍ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေး တို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသည့် မျိုးစေ့များကို တောင်သူများ လိုအပ်ချိန်တွင် လိုအပ်သောပမာဏကို အလွယ်တကူ သုံးစွဲနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားကုမ္ပဏီများ သာမက နိုင်ငံခြားသား ကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်နေနိုင်ကြပြီ ဖြစ်သကဲ့သို့ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းမှ ပြည်တွင်းလိုအပ်ချက်အတွက် သာမကပြည်ပသို့ မျိုးစေ့တင်ပို့ခြင်းကိုပါ ဆောင်ရွက်နိုင်ပြီးဖြစ်၍ အကျိုးအမြတ်ကောင်းစွာရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊

  မိမိတို့တို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ဒေသရေမြေရာသီဥတု အနေအထားအရ သီးနှံမျိုးစုံအတွက် မျိုးစေ့ထုတ်လုပ်ရန် အခြေအနေကောင်းများစွာ ရှိနေမှုအပေါ် မျိုးစေ့ ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မျိုးစေ့ဥပဒေနှင့်ထိန်းကျောင်းဆောင်ရွက်ပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဝိုင်းဝန်း ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများအပေါ် လိုအပ်သည့်ပြင်ဆင်မှု၊ ဖြေလျော့မှု၊ ပံ့ပိုး ကူညီမှုများ ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်း မျိုးစေ့သုံးစွဲမှုအတွက် လုံလောက်မှု ရှိရုံသာမက နိုင်ငံခြားသို့  တင်ပို့ ရောင်းချနိုင်ရေးကို တိုးတက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ သာမက နိုင်ငံတော်အတွက်ပါ များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းလာမည်ဖြစ်သည့် မျိုးစေ့ထုတ်လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

       ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ သက်ဆိုင်ရာ တောင်သူလယ်သမားကိုယ်စားလှယ်များက လက်ခံရယူကြပြီး ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည်သည်တော်များ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

        ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မျိုးစေ့ပြပွဲ အတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကမျိုးစေ့အရောင်းဆိုင်ပြခန်းများ၊ သီးနှံမျိုးအလိုက် စိုက်ခင်း စိုက်ကွက်များကို ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ ပြခန်း တာဝန်ခံများ ၊ မျိုးစေ့ပညာရှင်များက ရှင်းလင်းပြသကြသည်။

     ယခုကျင်းပသည့် မျိုးစေ့ပြပွဲ သည် ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး  မျိုးစေ့ထုတ်လုပ်သူ မျိုးစေ့တင်သွင်း ရောင်းချသူနှင့် မျိုးစေ့သုံးစွဲသူများက ပြပွဲတွင် စိုက်ပျိုး ပြသထားသော သီးနှံမျိုးများအား အကဲဖြတ်ခြင်း ၊ သီးနှံမျိုးစေ့ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။

    သီးနှံစိုက်ပျိုးရေးအတွက် လိုအပ်သောမျိုးစေ့များကို ဌာနပိုင် မျိုးစေ့ထုတ် လုပ်ငန်းများ ၊ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ၊ မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ၊ မျိုးစေ့ထုတ်တောင်သူသမဝါယမအသင်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တောင်သူ တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်မှုတို့မှ စပါးအပါအဝင် နှစ်စဉ် သီးနှံမျိုးစေ့ တင်းပေါင်း ၅ သန်း မှ ၈ သန်း အကြား ထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှမျိုးစေ့တင်သွင်းမှုအနေဖြင့် နှစ်စဉ် သီးနှံမျိုးစေ့ တန်ချိန် ၁၂၀၀၀ ခန့် တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရှိသဖြင့် ပြည်တွင်းမျိုးစေ့လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးနှင့် မျိုးစေ့ထုတ်လုပ်တင်ပို့ သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအတွက် မျိုးစေ့ကဏ္ဍတွင်ပါဝင်ပတ်သက်သည့် မျိုးစေ့ ထုတ်လုပ်သူ ၊ တင်သွင်းရောင်းချသူနှင့် သုံးစွဲသူများအကြား စီးပွားရေးဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်သူတောင်သူများ တွေ့ကြုံရသည့် သီးနှံမျိုးများ ဆိုင်ရာအရည်အသွေး အထွက်နှုန်းနှင့် ဈေးကွက်လိုအပ်ချက်ရှိမှုများအပေါ် မျိုးစေ့ကုမ္ပဏီများက သုံးသပ်၍ အရည်အသွေးပိုမိုကောင်းမွန်သော မျိုးသစ်များ စိုက်ပျိုး ထုတ်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူနှင့် လုပ်ငန်းရှင်များအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာရေးတို့ကို ရည်ရွယ်၍ ယခုပြပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။