အဓိကအကြောင်းအရာသို့ သွားမည်
x

အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်း ကော်မတီ ပထမ အကြိမ် အစည်းအဝေးကျင်းပ

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး ကို  ဩဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ အမျိုးသား မြေဥပဒေ ရေးဆွဲ ပြုစုရေး နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ – ၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဥက္ကဋ္ဌ- ၂ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ ၊ ဒုတိယရှေ့နေချုပ် ၊ နေပြည်တော်ကောင်စီဝင် ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဌ – ၁ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကား ပြောကြား ရာ ၌ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ မြေစီမံခန့်ခွဲရေးနှင့်သက်ဆိုင်သည့် တည်ဆဲ ဥပဒေ အသီးသီးကိုလွှမ်းခြုံသည့် အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲရေးသည် လုပ်ငန်းကော်မတီ ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ယင်းသို့ ကနဦးရေးဆွဲရာ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ၂၀၁၆ ခုနှစ် အမျိုးသား မြေအသုံးချမှု မူဝါဒ အပါအဝင် ယခင်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ညီလာခံများက ဖော်ထုတ်ထား သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများမှ “မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ ပါ အချက်အလက်များကို အခြေခံရန် လိုအပ်မှာ ဖြစ်ကြောင်း၊

အမျိုးသားမြေဥပဒေ မူကြမ်းရေးဆွဲပြုစုခြင်း လုပ်ငန်းစဉ်တွင် အခြေခံအကျဆုံးဖြစ်သည့် မြေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော တည်ဆဲ(ကျင့်သုံးဆဲ) ဥပဒေများ အရေအတွက်၊ ယင်းဥပဒေများ အရ မြေအမျိုးအစားများ၊ စီမံခန့်ခွဲနေကြသည့် ဌာန အဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုများကို စုစည်းလေ့လာသုံးသပ်ပြီး ဥပဒေသများ သဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ၌  မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးခန့် ၏ မတူကွဲပြားသော ဒေသဓလေ့ထုံးတမ်းများကိုလည်း အမျိုးသားမြေဥပဒေ တွင် ခြုံငုံပါဝင်စေရန် မြေဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် အဆင့်တိုင်း၌ ပါဝင်အောင်ရေးဆွဲရန် လိုအပ်မည်ဖြစ်၍ လုပ်ငန်းများ ထိရောက် အောင်မြင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ဆွေးနွေး ပြောကြားရာ ၌ အမျိုးသား မြေဥပဒေ ရေးဆွဲပြုစု ရေးဆွဲရာ၌ ဒေသတွင်းနိုင်ငံများ၏ မြေဥပဒေများ တွင် ရေးဆွဲထားသော အခန်းများ၊ အပိုင်းများအောက်တွင် ခွဲခြားထားသည့် အခန်းငယ်များ စသည်တို့ကို လေ့လာပြီး မိမိတို့ရေမြေဒေသအခြေအနေများပေါ်အခြေခံ၍ အမျိုးသား မြေဥပဒေ မူကြမ်းတွင်ပါဝင်မည့် အခန်းခွဲများ မှန်ကန်ရေး၊ လိုအပ်ချက်များ အသေးစိတ် ထည့်သွင်းရေးဆွဲရေး ညှိနှိုင်းဆောင်ရွက် သွားရန် လိုကြောင်း၊ လုပ်ငန်းများ လျင်မြန် သွက်လက်စေရေးအတွက် ဝန်ကြီးဌာနအလိုက် လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်း နှင့် အချိန် ကာလများ တိတိကျကျ ခွဲဝေဆောင်ရွက်ရန် လိုအပ်ပါကြောင်း နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ မြေဥပဒေမူဘောင်ဆိုင်ရာ အခန်းကဏ္ဍ အချက်အလက်ကောက်နုတ်ချက်များကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူချုပ် က အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပုံ နှင့် လုပ်ငန်းတာဝန်များ၊ မြေယာအုပ်ချုပ်စီမံမှု အကျဉ်းချုပ်၊ အမျိုးသား မြေအသုံးချမှု ကောင်စီ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ၊ အမျိုးသား မြေယာဥပဒေ ၌ ပါဝင်သင့်သော အခန်း ၊ ခေါင်းစဉ်များ (မူကြမ်း)များ၊ အာဆီယံနှင့် အခြားဒေသ နိုင်ငံ အချို့မှ မြေယာဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသည့် လုပ်ငန်း ကော်မတီဝင်များ က သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

အမျိုးသား မြေအသုံးချမှု ကောင်စီ ၏ ၂၀၂၂ ခုနှစ် ဇူလိုင် လ ၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်- ၁၁/ ၂၀၂၂ ဖြင့် ပြင်ဆင် ဖွဲ့စည်း ပေးခဲ့သော အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေး နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ  အဖွဲ့ဝင်(၁၉)ဦး ပါဝင်ကာ တည်ဆဲ မြေစီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေများကို လေ့လာ၍ ဥပဒေများ သဟဇာတ ဖြစ်စေရေး အတွက် ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်သည့်အချက်များ စုဆောင်းရရှိနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ဘာသာရပ် ကျွမ်းကျင်သော ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အကြံဉာဏ်များ တောင်းခံရယူခြင်း၊ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံရယူခြင်း နှင့် လိုအပ်ပါက ညှိနှိုင်း ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ပြီး အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ မြေစီမံခန့်ခွဲရေးနှင့်သက်ဆိုင်သော တည်ဆဲ ဥပဒေ အသီးသီးကို လွှမ်းခြုံသည့် အမျိုးသား မြေဥပဒေ(မူကြမ်း) ကို ကနဦးရေးဆွဲ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။