အဓိကအကြောင်းအရာသို့ သွားမည်
x

မွန်ပြည်နယ်၏ ဒေသဝမ်းစာဖူလုံရေး၊ လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေး

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မွန်ပြည်နယ်ဧည့်ရိပ်သာ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံစေရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရှိနေသည့် နှစ်ရှည်သီးနှံ ရော်ဘာ၊ သီဟိုဠ်၊ ကျွဲကော၊ ဒူးရင်းစသည့် ဥယျာဉ်ခြံသီးနှံနှင့် မြေပြန့်ကော်ဖီများကို ဒေသနေတောင်သူများ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာစေရေး တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာစိုက်ပျိုးကျွေးမွေးခြင်း အလေ့အထထွန်းကားလာရေးနှင့် နွားမွေးမြူရေးဇုန် တည်ထောင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်၏ ဆန်စပါးတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ သက်ဆိုင်ရာဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့်လယ်ယာ စီးပွားအခြေခံသော စီးပွားရေးဇုန်များ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

     ယင်းနောက် တက်ရောက်လာသည့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြကြပြီး မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

     မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက် မွေးမြူရေးတောင်သူဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)တွင် ရော်ဘာစပ်မျိုးသစ်ထုတ်လုပ်နေမှု၊ မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်ထုတ်လုပ်ဖြန့်ဖြူးမှု၊ ပြည်တွင်းရော်ဘာ စပ်မျိုးနှင့်အိန္ဒိယရော်ဘာမျိုး ယှဉ်ပြိုင်စမ်းသပ်ဆောင်ရွက်ထားရှိမှု၊ ရော်ဘာပင်ပျိုးစိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ တွဲဖက်အသုံးပြုပြီး အပင်ကြီးထွားမှုကို လေ့လာခြင်းနှင့်ရော်ဘာမျိုးအလိုက် ကျရောက်တတ်သောရောဂါများ သုတေသနပြုလုပ်ခြင်းများကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။