အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးရှဉ့်မျိုးစိတ်ကို ဟော်မုန်းဆေးများဖြင့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုအား လေ့လာ

(၄၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့တွင် ငါးရှဉ့်မျိုးစိတ် (Monopterus albus, Swamp eel) ကို ဟော်မုန်းဆေးများဖြင့် ဆေးထိုး သားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးရာ အခမ်းအနားသို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးပညာရှင်များ၊ သုတေသီများ၊ ပုဗ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ပါဝင်ဆွေးနွေးရန်ဖိတ်ခေါ်

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက အနာဂတ်ငါး၊ ပုစွန်နှင့်ရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနက အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ လယ်ငါးရှဉ့်သားဖောက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေးကိုလည်း သုတေသနတွင် အောင်မြင်တိုးတက်မှုအပါအဝင် ပညာရှင်များနှင့် တောင်သူများ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တောင်သူနည်းပညာဆွေးနွေးပွဲတွင် ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းကျင်းပခြင်းဖြစ်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများမှ တက်ကြွစွာပါဝင်ဆွေးနွေးအကြံပြုပေးကြရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။

နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်မှု

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်မှု အလားအလာများ၊ ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကို အကြံပြုဆွေးနွေးပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ပညာရှင်များနှင့် သုတေသီများက လယ်ငါးရှဉ့်ခေါ် နုန်းငါးရှဉ့်ကို မျိုးစိတ်ခွဲခြားခြင်း၊ မျိုးငါးရှဉ့်ရွေးချယ်ခြင်း၊ ငါး‌ရှဉ့်များဆေးထိုးသားဖောက်ပြုလုပ်ခြင်း၊ ငါးရှဉ့်မွေးမြူနိုင် ရန်ပြင်ဆင်ခြင်း၊ ငါးရှဉ့်သားပေါက်များ စု‌ဆောင်းခြင်းနှင့် ထိန်းသိမ်းစောင့်‌ရှောက်ခြင်း၊ ငါးရှဉ့်မျိုးစိတ်အား မတူညီသောဟော်မုန်းဆေးများဖြင့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊ လယ်ငါးရှဉ့်မျိုးစိတ်များ၏ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကို အဓိကထားပြီး ၎င်းတို့၏သားပေါက်ရာသီများ၊ မြေဆီလွှာနှင့် မျိုးပွားမှုအတွက် အကောင်းဆုံးအခြေအနေများကို ဆွေးနွေးတင်ပြကြ ပြီး မေးမြန်းချက်များကို သက်ဆိုင်ရာပညာရှင်များနှင့် သုတေသီများက ပြန်လည်ဖြေကြားကြသည်။

ဆန်းသစ်တီထွင်ဆောင်ရွက်နိုင်ရေး

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ကချမှတ်ပေးထားသည့် မွေးမြူရေးရေလုပ်ငန်း သုတေသနဆိုင်ရာမူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မွေးမြူရေးသုတေသန လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆန်းသစ်တီထွင် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့သည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား သည်။

ဆက်လက်၍ အပင်နှင့်ငါးတွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြု မြေမဲ့စိုက်ပျိုးမွေးမြူရေးစနစ် စမ်းသပ်သုတေသနဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ အော်ဂဲနစ်နွားမွေးမြူရေး သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု၊ ကြက်ခြံနှင့် ဘဲခြံတည်ဆောက်ရေး လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားခဲ့ကြောင်းသိရသည်။