အဓိကအကြောင်းအရာသို့ သွားမည်
x

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးကျင်းပ

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဝိုင်းဝန်းဆွေးနွေး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက အမှာစကားများပြောကြားကြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးက မူလရေးသားပြုစုထားသော အမျိုးသားမြေဥပဒေမူကြမ်း၊ ယခင်အကြံပြုချက်များ၊ ထပ်မံအကြံပြုချက်များနှင့် လုပ်ငန်းအဖွဲ့က ပြန်လည်စိစစ်ပြုစုထား သော မူကြမ်းများကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက ပုဒ်မတစ်ခုချင်း၊ ပုဒ်မခွဲ တစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယနေ့အစည်းအဝေးတွင် ထွက်ပေါ်လာမည့် ယာယီအတည်ပြုချက်များနှင့် ဥပဒေမူကြမ်း၏ ရှေ့အခန်းများကို ပြန်လည်စုစည်း၍ အသေးစိတ်ဆက်လက်စိစစ်ခဲ့ပြီး ပဏာမအတည်ပြုထားသော အမျိုးသားမြေဥပဒေမူကြမ်းကို အောက်တိုဘာလကုန်တွင် အမျိုးသားမြေအသုံးချမှု ကောင်စီသို့တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။