အဓိကအကြောင်းအရာသို့ သွားမည်
x

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပျားမွေးမြူရေးတောင်သူများအား ပျားအိမ်များ ထောက်ပံ့ပေးအပ်

သဘာဝဘေး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပျားမွေးမြူရေးတောင်သူများအတွက် ပျားအိမ်များ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်က  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊  မန္တလေးတိုင်းဒေသကြီး ခရိုင် မြို့နယ် တိရစ္ဆာန် ပြန်လည်ထောက်ပံ့ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပျားမွေးမြူရေး တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် လူ၊ နေအိမ် အဆောက်အဦများ၊ မွေးမြူရေးတိရစ္ဆာန်များ၊ အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအပေါ် နိုင်ငံတော်စိုးရ နှင့် အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီတို့၏ လမ်းညွှန်ချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေတင်ပြပြီး ဒေသအလိုက် မွေးမြူသူများ လက်ဝယ်အရောက် တိရစ္ဆာန်များကို ပြန်လည်ဖြည့်ဆည်းပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေး ရေကြီးနစ်မြုပ်မှုကြောင့် မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ပျက်စီး နစ်နာမှုအား ပြန်လည်ထူထောင်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ၏ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းမှ ကာကွယ်နိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၌ တိရစ္ဆာန်ပြန်လည် ထောက်ပံ့ရေး လုပ်ငန်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်း ကမ်းများနှင့်အညီ တိရစ္ဆာန်များအား ဝယ်ယူဖြည့်တင်းခြင်း၊ ပေးအပ်ခြင်း လုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်၄ ခု ၊ မြို့နယ် ၇ မြို့နယ်တွင် ယနေ့အထိ ကျွဲ ၃ ကောင်၊ နွား ၁၈၁ ကောင်၊ ဆိတ် ၄၅၅ ကောင်၊ ဒေသကြက် ၂၅ ကောင် နှင့် ဥစားကြက် ၂၃၅၀၀ ကောင်ပြန်လည်ဖြည့်ဆည်း ပေးပြီး ဖြစ်ကြောင်း၊ ယခုအခမ်းအ နားတွင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် ရှိ တစ်ပိုင်တစ်နိုင်ပျားမွေးမြူရေးလုပ်ငန်းရှင် ၅ ဦးအတွက် ထိခိုက်ပျက်စီးဆုံးရှုံးသွား သည့် ပျားအိမ် ၂၉၅ ခုကို ဖြည့်ဆည်းပေးအပ်သွားမည်ဖြစ်ပြီး ပျားမွေးမြူသူများအနေဖြင့်လည်း မိမိတို့ ပျား မွေးမြူရေးလုပ်ငန်းများကို အရှိန်မပျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် အားပေးပြောကြားသည်။၏၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မန္တလေးတိုင်းဒေသကြီး ခရိုင် ၄ ခုတွင် ပျက်စီးသွားသည့် တိရစ္ဆာန်များ  ပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ရွက်နေမှုကို ရှင်း လင်းတင်ပြပြီး ပျားမွေးမြူရေး တောင်သူများ အား ပျားအိမ် ၂၉၅ ခုကို ပေးအပ်သည်။ ဆက်လက်၍ ပျားမွေးမြူရေး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း(ပျော်ဘွယ်) သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်မျိုးရိုးဗီဇနှင့်သဘာဝအရင်း အမြစ်များ ထိန်းသိမ်းနိုင်ရန်အတွက် မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်း၊ မျိုးထိန်း မျိုးပွားခြင်း နှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းတို့အတွက် သုတေသနပြုဆောင်ရွက်နေမှု၊ အစားအစာသိပ္ပံဆိုင်ရာ နည်းပညာ နှင့်အရည်အသွေးမြင့်မားသည့်ထုတ် ကုန်များဖွံ့ဖြိုးစေရန် အစာအာဟာရ ဖွံ့ဖြိုးရေးစီမခန့်ခွဲခြင်း၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းတို့အတွက် သုတေသနပြုဆောင်ရွက်နေမှုနှင့် ဒေသနွားများ မျိုးမြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။