အဓိကအကြောင်းအရာသို့ သွားမည်
x

(က)လယ်ယာမြေနည်းဥပဒေ ၄ အရ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူ သည် မိမိအသုံးပြုခွင့် ရရှိထားသော လယ်ယာမြေအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားလိုသူမှ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ ပုံစံ(၁)ကို သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် အခမဲ့ရယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီးနောက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

(ခ)လယ်ယာမြေနည်းဥပဒေ ၅ အရ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၃ သို့မဟုတ် ၄ အရ လျှောက်ထားသော လုပ်ပိုင်ခွင့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စိစစ် ထောက်ခံချက်ဖြင့် ပေးပို့ရမည်။

(ဂ)လယ်ယာမြေနည်းဥပဒေ ၆ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသည် လက်ခံရရှိသည့် လျှောက်လွှာကို လယ်ယာမြေ လုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲ ဖွင့်လှစ်၍ ယင်းလျှောက်လွှာလက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း ကန့်ကွက်လွှာ ထုတ်ဆင့်သည့် ကြေငြာစာပုံစံ (၂) ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးနှင့် လယ်ယာမြေ တည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေငြာခြင်း၊ ထိုသို့ကြေငြာရာတွင် ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြကြေငြာရပါမည်။

(ဃ)လယ်ယာမြေနည်းဥပဒေ ၉ အရ ကန့်ကွက်ချက် တစ်စုံတစ်ရာရှိပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ (၇) ရက် အတွင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးသို့ တင်ပြရပါမည်။

(င)လယ်ယာမြေနည်းဥပဒေ ၁၀ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးသည် တင်ပြချက်ကို လက်ခံရရှိသည့်အခါ ရက်ပေါင်း (၃၀) အတွင်း လုပ်ငန်းစာတွဲအား မြို့နယ်ဦးစီးမှူး၏ သဘောထားမှတ်ချက် နှင့်အတူ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရပါမည်။

(စ)လယ်ယာမြေနည်းဥပဒေ ၁၁ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၁၀ အရ တင်ပြလာသည့် လုပ်ငန်းစာတွဲကို စိစစ်၍ (၇) ရက် အတွင်း သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သဘောထားမှတ်ချက်ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

(ဆ)လယ်ယာမြေနည်းဥပဒေ ၁၂ အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထပ်ဆင့် စိစစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနရုံးသို့ လုပ်ငန်းစာတွဲ လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း အကြောင်းကြား ဆောင်ရွက်ရမည်။

(ဇ)လယ်ယာမြေနည်းဥပဒေ ၁၃ အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြု ကြောင်း အကြောင်းကြားချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ရန်အတွက် ဦးစီးဌာနရငွေစာရင်းသို့ မှတ်ပုံတင်ကြေး (၅၀၀) ကျပ်ကို ပေးသွင်းစေ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင် စာရင်းပုံစံ (၅) တွင် မှတ်တမ်း တင်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခြင်းနှင့်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ အကြောင်းကြားချက်အရ ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့် ငြင်းပယ်ခံရသူများ၊ မှတ်ပုံတင် စာရင်း (၆) တွင် မှတ်တမ်းတင်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရပါမည်။

(ဈ)လယ်ယာမြေနည်းဥပဒေ ၁၄ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက်နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခံရသူထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း၊ အကြောင်းကြား စာပုံစံ (၈) ဖြင့် ပေးပို့အကြောင်းကြားရမည်ဖြစ်ပါသည်။

(ည)သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) စတင်လျှောက်ထား သည်မှ ပုံစံ (၇) ထုတ်ပေးသည်အထိ ကန့်ကွက်မှုမရှိပါက (၁၁၁) ရက်ကြာမြင့် မည်ဖြစ်ပြီး၊ ကန့်ကွက်မှုရှိပါက (၁၅၅) ရက် ကြာမြင့်မည်ဖြစ်ပါသည်။