အဓိကအကြောင်းအရာသို့ သွားမည်
x

စပါးဇီဝဥယျာဉ်သုတေသနဌာနစုသို့ အိန္ဒိယသံရုံးမှ တာဝန်ရှိ သူများ လေ့လာရေးလာရောက်

၂၀၂၂ခုနှစ် မတ်လ ၂၅ ရက် က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးဇီဝဥယျာဉ်သုတေသနဌာနစုသို့ အိန္ဒိယသံရုံးမှ တာဝန်ရှိ သူများ လေ့လာရေးလာရောက်ခဲ့ကြပါသည်။ ထိုသို့လေ့လာရေးလာရောက်ကြရာရှေးဦးစွာ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့်တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ကြပြီး စပါးဇီဝဥယျာဉ်သုတေသနဌာနစုတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် Knowledge Center အတွင်း ခင်းကျင်းပြသထားသော စပါးပင်၏ အစိတ် အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာများ၊  poster များ၊ အောင်မြင်မှုရလဒ်များ နှင့်စပ်လျဉ်း၍ နွေးထွေးပျူငှာစွာ  ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများသည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ဆက်လက်၍ စပါးဇီဝဥယျာဉ်သုတေသနဌာနစု၏အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ စပါးဇီဝဥယျာဉ်သုတေသနဌာနစုတွင် စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာများ ဖော်ထုတ်သုတေသနပြုခြင်းနှင့် ရရှိလာသော နည်းပညာများကို စပါးစိုက်ပျိုးထုတ်လုပ်သူများ သာမက စိတ်ပါဝင်စားသူများအားလုံး လက်တွေ့အသုံးချနိုင်စေရန် နည်းပညာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ စပါးဇီဝဥယျာဉ် စီမံကိန်းပထမကာလတွင် အခြေခံအဆောက်အဦးများ၊ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ခြင်းများအပြင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များမှ တောင်သူ (၄၅၀)ဦး ကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ လာရောက်လေ့လာသူများကို ရှင်းလင်းပြသပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ COVID -19 ကပ်ရောဂါ ကာလအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၌ တောင်သူပညာပေးသင်တန်း ၄ ကြိမ်ကို တောင်သူ (၆၀)ဦးဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊ ယခုနှစ်အတွင်းမှာ COVID -19 စတုတ္ထလိုင်း ကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စပါးဇီဝဥယျာဉ် စီမံကိန်း ဒုတိယကာလ အဆိုပြုလွှာနှင့် စပါးဇီဝဥယျာဉ် sub-unit များ တည်ထောင်ရန် အဆိုပြုလွှာများ တင်ပြထားပါကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စပါးဇီဝဥယျာဉ်သုတေသနဌာနစု၏ လက်ရှိဆောင်ရွက်နေသော စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချသောသုတေသနအောင်မြင်မှု ရလဒ်များဖြစ်သော ၁၀၀ ရာခိုင်နှုန်း ကောက်ရိုးဖြင့် ပြုလုပ်ထားသော စက္ကူအိတ်များ၊ ဆန်အခြေပြုမုန့်များကို အိန္ဒိယသံရုံးမှ တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆေင်ရွက်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။