အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး – စစ်ကိုင်းတိုင်းဒေသကြီး ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ကွင်းဆင်း

နေပြည်တော် ဇွန် ၁၆
တိုင်းဒေသကြီး ပြည်နယ်များအားလုံး၌ ဒေသဝမ်းစာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ငန်းများ ကာလတိုအတွင်း သိသာ ထင်ရှားစွာ ဖွံ့ဖြိုးလာရေးအတွက် မိမိတို့ဒေသနှင့် ကိုက်ညီသည့် အစီအမံများ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု လုပ်ငန်းများ အင်ပြည့်အားပြည့် ဖြစ်ထွန်းအောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ပေးနေသည့်နည်းတူ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်မိသားစုချင်း၏ လူနေမှုအဆင့်အတန်းမြင့်မားလာရေး အကောင်အထည်ဖော်ပေး ခြင်း သည် မြို့နယ် ပြည်ရွာတစ်ခုလုံးဖွံ့ဖြိုးရေးအတွက် အရေးပါသည့် လုပ်ငန်းရပ် ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ခရိုင် အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး တွင် နှစ်စဉ် နွေစပါး မိုးစပါးစုစုပေါင်း တစ်ဆယ့်ရှစ်သိန်း ခုနစ်သောင်းကျော်၊ ဆီထွက်သီးနှံ တစ်ဆယ့်ရှစ်သိန်းကျော် ၊ ပဲမျိုးစုံ တစ်ဆယ့်နှစ်သိန်း ကျော် နှင့်သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ရာသီဥတုပြောင်းလဲသက်ရောက်မှုဒဏ် ကို အောင်မြင်စွာကျော်လွှား နိုင်ရေး နှင့် ကုန်ကြမ်းတင်ပို့မှုမှ ကုန်ချောထုတ်လုပ်တင်ပို့နိုင် ရေးအတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိက၊ တောင်သူတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်စဉ် ရွှေဘိုငါးလုပ်ငန်းစခန်း ၏ မွေးမြူရေး ငါးသားပေါက် ထုတ်လုပ်မှု လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ၌ GAP စနစ်ဖြင့်စိုက်ပျိုးထားသည့် ဆင်းရတနာ(၁၄)နှမ်း စိုက်ခင်းကိုလည်းကောင်း၊ လိပ်ချင်းကျေးရွာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်း(VDP)ဖြင့် ဖောက်လုပ်ပြီးစီးသည့် အကျယ် (၁၂)ပေ၊ အမြင့် (၂)ပေ (၉)လက်မနှင့် (၀/၄.၆၉၆)မိုင်အရှည်ရှိ ကွန်ကရိလမ်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ 
အလားတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်း ရှိ ဆရာ ဆရာမများ ဝန်ထမ်းများ နှင့် ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ကြည်ဥများပေးအပ်ပြီး ကျောင်းသားအိမ်ဆောင် RC နှစ်ထပ်ဆောက်လုပ်နေမှု ကိုလည်းကောင်း၊ အရာတော်(၂)လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ မြစ်ရေတင်လုပ်ငန်း မှ စိုက်ပျိုးရေပေးဝေနေမှုကိုလည်းကောင်း၊ အရာတော်မြို့နယ်၊ မကျီးဇောက်ကျေးရွာ ကုန်ထုတ်လမ်းဖေါက်လုပ်ခြင်းစီမံကိန်းကိုလည်းကောင်း၊ အောင်စန်းသာကျေးရွာ ရေရရှိရေး အတွက် စက်ရေတွင်းတူးဖေါ်ပြီးစီးမှုကိုလည်းကောင်း၊ မုံရွာမြို့ ရွာတုံ ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (DVP) ဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာတွင်း ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန ဇလုပ်ခြံ ၏ မြန်မာနိုင်ငံ အပူပိုင်း၊ မိုးနဲရေရှားဒေသများအတွက် ဒေသနှင့်ကိုက်ညီသော သီးနှံမျိုးသစ်များ ရှာဖွေ ဖေါ်ထုတ်နေမှု၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ နေကြာနှင့်အခြားသီးနှံများကို  ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးနည်းစနစ်ရှာဖွေပေါ်ထုတ်နေမှု နှင့် မျိုးစေ့အဆင့်ဆင့်ပွားများ ထုတ်လုပ်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။