အဓိကအကြောင်းအရာသို့ သွားမည်
x

(၈၈) ကြိမ်မြောက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အထွေထွေညီလာခံတွင် The Asia, Far East and Oceania Region ဆိုင်ရာဗျူရို၏ အထွေထွေအတွင်းရေးမှူးအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား ရွေးချယ်တင်မြှောက်

နေပြည်တော် ဇွန် ၃
ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) ၏ ၈၈ ကြိမ် မြောက်  ကမ္ဘာလုံးဆိုင်ရာ အထွေထွေညီလာခံကို ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံတွင် ကမ္ဘာအဝှမ်း တိရစ္ဆာန်ရောဂါ ဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခြင်း၊ တိရစ္ဆာန်ကျန်းမာရေးနှင့် သက်သာ ချောင်ချိရေး၊ တိရစ္ဆာန်ဆေးကု ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ ချမှတ်ပေးသည့် စည်းမျဉ်း စည်းကမ်းများအား သုံးသပ်ဆွေးနွေး အတည်ပြုခြင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့၏ (၇) ကြိမ်မြောက် မဟာဗျူဟာစီမံချက် (OIE-7th Strategic Plan 2021-2025) အား  အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း တက်ရောက်ခဲ့ကြောင်းသိရသည်။
ညီလာခံတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာ၊ ကောင်စီအဖွဲ့ဝင် ရာထူးနေရာများ၊ ပညာရပ်ဆိုင်ရာ ကော်မရှင်(၄) ခုနှင့် ဒေသဆိုင်ရာ ကော်မရှင် (၅) ခုတို့၏ ဗျူရိုအဖွဲ့ဝင် ရာထူးနေရာများအား   လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းအား The Asia, Far East and Oceania Region ဆိုင်ရာဗျူရို၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပါသည်။ 
အဆိုပါ The Asia, Far East and Oceania Region ဆိုင်ရာဗျူရိုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်တာကာလ သက်တမ်းအတွင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ ချမှတ် ထားသော တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ဒေသ တွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ပညာရှင်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရေး၊ အခြားသောဒေသများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးတို့အတွက် တိုကျိုမြို့နှင့် ဘန်ကောက်မြို့တွင် အခြေစိုက်သော ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ရုံးခွဲများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။