အဓိကအကြောင်းအရာသို့ သွားမည်
x

မြို့နယ်ဦးစီးဌာနမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မြို့နယ်ဦးစီးဌာနမှူး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual System ဖြင့် (၁-၁-၂၀၂၁) ရက် နံနက် (၉)နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အခမ်းအနားဖွင့်ပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသီးသီးမှ သင်တန်းသားမြို့နယ်ဦးစီးဌာနမှူးများ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။

            အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒအပေါ် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဌာန၏ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်မျာ မြို့နယ်ဦးစီးဌာနမှူးများဖြစ်ကြောင်း၊ မွေးမြူရေးစနစ်များကို ခေတ်စနစ်နှင့်လျော်ညီစွာ ပြောင်းလဲကျင့်သုံးနိုင်ရေးအားထုတ်ကြိုးပမ်းလျက်ရှိရာ မြို့နယ်ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့၏တာဝန်နှင့်ဝတ္တရားများကို ပိုမိုသိရှိနားလည်သဘောပေါက်စေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာဆောင်ရွက် နိုင်ရန်၊ စွမ်းရည်ပြည့်ဝသည့် ကျွမ်းကျင်မှုရှိသည့် လူ့စွမ်းအားများဖြစ်လာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြည်သည့် မြို့နယ်ဦးစီးမှူးများအနေဖြင့် မှန်ကန်သည့်အတွေးအခေါ်နှင့် လုပ်ငန်းတာဝန်များကို ထက်ထက်မြက်မြက် သွက်သွက်လက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

            အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ရက်သတ္တပတ်တစ်ပတ်လျှင် (၁) ရက် သင်ကြားသည့်စနစ်ဖြင့် (၃) လကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းကာလတစ်လျှောက် အကျိုးထိရောက်စွာ သင်ကြားသင်ယူမှုများ ဖြစ်စေရေးအတွက် M&E Team များ၊ Assignment များကို စိစစ်သုံးသပ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။