အဓိကအကြောင်းအရာသို့ သွားမည်
x

စက်ကိရိယာများ အသုံးချခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁-၂၀၂၂) အား ဖွင့်လှစ်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာနသင်တန်းကျောင်း ရေဆင်း၌ (၉.၁၁.၂၀၂၁)ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်အတွင်း သီးနှံများအတွက် သုတေသနပြု ဆောင်ရွက်မည့် စက်ကိရိယာများ အသုံးချခြင်းသင်တန်း အမှတ်စဉ်

(၁/၂၀၂၁-၂၀၂၂)အားOnline Training Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

               သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ်ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စက်မှု)ဦးဇော်ခင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကြံ၊ ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း၊ အာလူး သီးနှံများကို မြေပြုပြင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း ရိတ်သိမ်းခြင်းတို့၌ စက်မှုလယ်ယာစနစ် အပြည့်အဝကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် သုတေသနပြုဆောင်ရွက်ရာတွင် အသုံးပြုမည့် စက်ကိရိယာများကို သုတေသနလုပ်ငန်း ဆောင်ရွက်မည့်ဝန်ထမ်းများ ကျွမ်းကျင်စွာမောင်းနှင်ထိန်းသိမ်းနိုင်ရေးအတွက် သင်ကြားပို့ချပေး မည့်အပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သီးနှံကျွမ်းကျင်သူများကလည်း သီးနှံများ၏ သဘော သဘာဝနှင့် အောင်မြင်ဖြစ်ထွန်းနိုင်မှု အခြေအနေများကို ပို့ချသင်ကြားပေးသွားမည် ဖြစ်ပါသည်။

               စက်မှုလယ်ယာသို့ အပြည့်အဝကူးပြောင်းရေးတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲရေး၊ စက်ကိရိယာစွမ်းအားကို အပြည့်အဝအသုံးချနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုတေသနလုပ်ငန်းများနှင့် နည်ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ စက်မှုလယ်ယာ လုပ်ငန်းကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများအား ဖွံ့ဖြိုးတိုးတက်လာ စေရေး ရည်ရွယ်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းမှတစ်ဆင့် စက်မှုလယ်ယာဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ရာ နယ်ပယ် အသီးသီး၌ စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးသီးနှံအလိုက် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ အသုံးပြုဆောင်ရွက်သည့် နည်းလမ်းများရရှိစေမည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

               သင်တန်းသို့ စက်မှုလယ်ယာစနစ် အပြည့်အဝကျင့်သုံးဆောင်ရွက်နိုင်ရေး သုတေ သနပြုဆောင်ရွက်မည့် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုမှ စက်မှုလယ်ယာစခန်း ဦးစီးဌာနမှူးများ၊ သင်တန်းကျောင်း နည်းပြဆရာများ၊ လက်တွေ့ဆောင်ရွက်မည့် ဝန်ထမ်းများ စုစုပေါင်း  သင်တန်းသား(၃၅)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၉.၁၁.၂၀၂၁)ရက်နေ့မှ (၁၃.၁၁.၂၀၂၁)ရက်နေ့ထိ ဖြစ်ပါသည်။