အဓိကအကြောင်းအရာသို့ သွားမည်
x

အီးအမ်ဘိုကာရှီ (EM Bokashi)၏အကျိုးကျေးဇူး

အီးအမ်(EM)ဆိုသည်မှာအကျိုးပြုအဏုဇီဝ(Effective Micro-organism)များဖြစ်ပြီးသဘာဝတွင်ရှိနေသောLatic acid bacteria, Yeast, Photosynthesis bacteria, Actinomycetesနှင့် Fermenting Fungi များပါဝင်သောအရည်ဖြစ်ပါသည်။ဘိုကာရှီ ဆိုသည်မှာဂျပန်ဝေါဟာရတစ်ခုဖြစ်ပြီး၊အီးအမ်ထည့်ပေးထားသောသြဂဲနစ်ပွားစာ EM inoculated organic source  ဖြစ်ပါသည်။

အီးအမ်ဖျော်ရည်အပြင်း၊တင်လဲရည်နှင့် ရေရိုးရိုးတို့ကို (၁:၄:၉၅)အချိုးအတိုင်းရော၍အဖုံး ပါသောဖန်ပုလင်း(သို့)ပလပ်စတစ်ဗူးတွင်ထည့်၍အဖုံးလုံအောင်ပြန်ပိတ်ပြီး၊ မှောင်သောနေရာ တွင်ထားပါ။နေ့စဉ် ပုလင်းကိုလှုပ်၍အတွင်းမှဓာတ်ငွေ့များကိုဖွင့်ထုတ်၍ပထမဖျော်ရည်အရောင်သည် အညိုရင့်ဖြစ်နေရာမှတစ်ပတ်ခန့်ကြာလျှင်ကြံရည်ရောင်ပြောင်းသွားပြီးအနံ့မှာ လည်းချိုချဉ်နံ့မျိုး ရလာပါကသုံးစွဲနိုင်သည့် အသင့်သုံး အီးအမ်ကိုရရှိပြီဖြစ်ပါသည်။ယခုအခါတွင်ထိုအသင့်သုံး အီးအမ်ကိုစျေးကွက်များတွင်အလွယ်တကူဝယ်ယူသုံးစွဲ၍ရရှိနိုင်ပါသည်။ အသင့်သုံးအီးအမ်ကို သုံးစွဲသောအခါ အသင့်သုံးအီးအမ်ဖျော်ရည်၊သကာရည်နှင့်ရေရိုးရိုးတို့ကို (၁: ၁: ၁၈)အချိုးအတိုင်းရောရပါမည်။    

ဖွဲနုအခြေခံသည့်အီးအမ်ဘိုကာရှီအတွက်စပါးခွံ၊လွှစာ၊ပဲမှော်၊ကောက်ရိုးမှုန့်စသည် တို့ကို သုံးစွဲနိုင်ပြီး၎င်းတို့အနက်လွှစာဘိုကာရှီသည်အနံ့အသက်ဖယ်ရှားရာတွင်အကောင်းဆုံး ဖြစ်ကြောင်းတွေ့ရှိရပါသည်။    လွှစာဘိုကာရှီပြုလုပ်ရာတွင်     လိုအပ်သောကုန်ကြမ်း ပစ္စည်းများဖြစ်  သည့် လွှစာ၊ ဖွဲနု၊ ကြက်ချေးတို့ကို (၃:၆:၁)နှုန်းဖြင့် သမအောင်ရောနယ်ပေးရပါမည်။၎င်းအပေါ်မှအသင့်သုံး အီးအမ်ကို  အစိုဓာတ်၃၀% ခန့်ဖြစ်လာသည်အထိဖျန်းပေး၍ သမအောင်မွှေပေးရပါ မည်။ကုန်ကြမ်းပစ္စည်း (၂)တင်းလျှင် အသင့်သုံးအီးအမ်အရည် (၂-၂.၅)ဂါလန်ခန့် လိုအပ်ပါသည်။ ရောစပ်ပြီးသောပစ္စည်းအားလုံးအားအဖုံးပါသောပလတ်စတစ်ပုံး (သို့မဟုတ်) အတွင်းမှလေလုံ ပလတ်စတစ် တစ်ထပ်ခံထားသောပီနန်အိတ်အတွင်းသို့ဖိသိပ်ထည့်၍လေလုံအောင်ကြိုးဖြင့်စည်းကာနေရောင်တိုက်ရိုက်မထိသောနေရာတွင် (၇- ၁၀)ရက်ခန့်ထားရပါမည်။ဤသို့ထားစဉ် လေလုံအောင် အဖုံးဖုံးခြင်း၊ကြိုးဖြင့်သေချာစွာချည်ထားခြင်းတို့ကိုဂရုပြုရမည်။ထိုဘိုကာရှီကိုလေသလပ် အခြောက်ခံထားပြီး (၃)လကြာသည်ထိအာနိသင်မပျက်၍ အသုံးပြုနိုင်ပါသည်။

အီးအမ်ဘိုကာရှီအမှိုက်ပုံးကို ပြုလုပ်ရာတွင် သင့်တင့်သောအရွယ်အစားရှိသည့် ပလပ်စတစ်ပုံး၌ အောက်ခြေမှ(၁)လက်မအမြင့်တွင် ပလပ်စတစ်ရေပိုက်ခေါင်းကိုတပ်ဆင်ပြီး ပုံး၏အတွင်းပိုင်း အောက်ခြေတွင် အရွယ်တူဇကာခုံးကိုမှောက်၍ ထည့်ပေးခြင်းအားဖြင့် မိသားစုသုံး ပလပ်စတစ်အမှိုက်ပုံးကိုရရှိပါသည်။ ပုံးထဲသို့ မီးဖိုချောင်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများထည့်ပြီးတိုင်း ဖိသိပ်ပေးပါ။ အပေါ်မှ လွှစာဘိုကာရှီအခြောက်မှုန့် လက်တစ်ဆုပ်ခန့် ဖြူးထည့်ပေးပါ။ အပေါ်မှ အမှိုက်ပုံး၏အဖုံးကို ပြန်ဖုံးထားပါ။ စားကြွင်းစားကျန်နှင့် စွန့်ပစ်ပစ္စည်းများတွင် ရေများလွန်းပါက ရေစစ်ပြီးမှထည့်ပါ။ စွန့်ပစ်ပစ္စည်းများ ထည့်နေစဉ်နှင့် ပုံးပြည့်ပြီးနောက်ပိုင်း ပုံးအောက်ခြေရှိ ရေပိုက်ခေါင်းမှတဆင့် အရည်များဖွင့်ချပေးပါ။ နေ့စဉ်ဖွင့်ချသော ထိုအပုပ်ရည်များကိုလည်း ထိုအရည်(၁)ဆကို ရေအဆ(၁၀၀)နှင့်ထပ်မံရောပြီး မိမိတို့အိမ်ရှိ စိုက်ခင်း၊ ပန်းခင်းများကို အရွက်ပေါ်မှ ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားမှုကောင်းမွန်စေပါသည်။ အမှိုက်ပုံး ပြည့်သွားလျင် အဖုံးလုံအောင် ပိတ်ထားသောအခြေအနေတွင် တစ်ပတ်ခန့်ဆက်ထားပြီး ပုံးအတွင်းမှ အချဉ်ဖောက်ထားသော အဖတ်များကို မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ 

 မီးဖိုဆောင်မှထွက်ရှိသောစားကြွင်းစားကျန်များမှအပုပ်နံ့ကင်းပြီးယင်ကောင်မလာ သဖြင့်မိမိမိသားစုနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်နိုင်ခြင်း၊မိမိအိမ်ထောင်စုအတွင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသောပန်းအလှပင်၊သီးပင်စားပင်ဟင်းသီးဟင်းရွက်များအတွက်ဖျန်းရန်မြေသြဇာအရည်နှင့်ထည့်ပေးရန်မြေဆွေးများ ပုံမှန်ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။

ကောက်ရိုးအီးအမ်ဘိုကာရှီမြေဆွေး ကိုကောက်ရိုးဖြင့်အသင့်သုံးအီးအမ်အသုံးပြု၍ပြုလုပ် နိုင်ပါသည်။ပြုလုပ်ရာတွင်ပထမဦးစွာအလျား(၆)ပေ၊အနံ(၃)ပေ၊ထု(၆)လက်မရှိကောက်ရိုး (၁)လွှာစာအတွက်အီးအမ်(၁၅၀)စီစီကိုရေ(၄၀)လီတာဖြင့်ရောပါ။ကောက်ရိုးကိုဖျော်ရည်ထဲတွင်နစ်ပြီးမှ ညီညာစွာဖြန့်ခင်းပါ။နွားချေး(၃)ပြည်၊ဖွဲနု(၃)ပြည်နှင့်ထုံး(၁)ပြည်တို့ကိုသမအောင်ရော၍ကောက်ရိုးလွှာပေါ်တွင်ညီညာစွာဖြန့်ဖြူးပါ။ထိုကဲ့သို့အလွှာ(၆)လွှာရအောင်လုပ်ပြီးမှပလပ်စတစ်အုပ်ပါ။သင့်တင့်သောအပူချိန်(မြေဆွေးပုံထဲသို့လက်ထိုးကြည့်လျှင်နွေးနေသောအခြေအနေ)နှင့်စိုထိုင်းဆရှိနေစေရန်နေ့စဉ်ရေလောင်းပေးပြီးပလပ်စတစ်ဖြင့်လုံအောင် ပြန်အုပ်ထားပါ။  (၁-၂)ပတ်ခန့်ကြာလျှင်အထက်အောက်လှန်ပေးပြီးပလပ်စတစ်ဖြင့်ပြန်အုပ်ပါ။ (၃)ပတ်ခန့်ကြာလျင်အသုံးပြုနိုင်သောကောက်ရိုးအီးအမ်ဘိုကာရှီမြေဆွေး ရရှိပါမည်။

သီးနှံစိုက်ခင်း တစ်ဧကအတွက်အဆိုပါကောက်ရိုးအီးအမ်ဘိုကာရှီမြေဆွေးပုံ(၅- ၆)ပုံခန့်ထည့်သွင်းအသုံးပြုရပါမည်။ကောက်ရိုးအီးအမ်ဘိုကာရှီကိုအသုံးပြုခြင်းဖြင့်မြေသားဖွဲ့စည်းမှုကိုပိုမိုကောင်းမွန်စေပြီးထည့်သွင်းပေးသောဓာတ်မြေဩဇာများကိုအပင်မှအကျိုးရှိစွာပိုမိုအသုံးပြု နိုင်ပါသည်။မြေတွင်သစ်ဆွေးဓာတ်များတိုးတက်လာစေပြီးမြေဆီဩဇာပြန်လည်ထက်သန်လာ စေနိုင်ပါသည်။