အဓိကအကြောင်းအရာသို့ သွားမည်
x

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ (၃၅) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်း၌ ဖူလုံစွာ စားသုံးနိုင်စေရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းမီ ပြည်ပပို့ကုန်သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ သုံးစွဲ ရာတွင် အရည် အသွေး ပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများအား ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေး တင်သွင်းသူ ထုတ်လုပ်သူ သိုလှောင်သူ ပြုပြင်ထုပ်ပိုးသူ ဖြန့်ချိ ရောင်းချသူများ အနေဖြင့် လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပြီး အတ္တဟိတ ပရဟိတ စိတ်ဖြင့် စိုက်ပျိုးထုတ်လုပ်သူမှ စားသုံးသူအထိ ဘေးကင်းအကျိုးရှိစေရေး မျှော်မှန်းဆောင်ရွက်ကြစေလိုကြောင်း ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၅)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

မှတ်ပုံတင် အဖွဲ့သည် ပိုးသတ်ဆေး ဥပဒေ အခန်း  (၃) အရ ပိုးသတ်ဆေးမှတ်ပုံတင် လျှောက်ထားတင်ပြလာခြင်းများကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ် အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန် လိုအပ်သော အထောက်အထား အချက်အလက်များ ကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု ၍ လူ နှင့် ပတ်ဝန်းကျင်ကို အန္တာရာယ် မြင့်မားစေသော ပိုးသတ်ဆေးများ ကို သုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ် သုံးစွဲ စွန့်ပစ်ခြင်း ဆိုင်ရာများ နှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ် မရှိစေရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ က ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို နည်းပညာ ကော်မတီက ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပိုးသတ်ဆေး ဥပဒေအခန်း(၅) ပုဒ်မ၁၇ ၊ ၁၈ အရ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့်လိုင်စင် လျှောက်ထား ခြင်း များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စီစစ်ခွင့်ပြုပေးလျက်ရှိသည်။

(၃၄) ကြိမ်မြောက် အထိ ကျင်းပခဲ့သည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေး ပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း (၃၈၀၅)မျိုး ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ၏(၃၅) ကြိမ်မြောက် အစည်း အဝေးတွင် ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များမှ စိစစ် တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း(၁၄၉)မျိုးအား အတည်ပြု ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။