အဓိကအကြောင်းအရာသို့ သွားမည်
x

အဆင့်မြင့် ဓာတ်ခွဲခန်းသစ်ဖွင့်ပွဲ ကျင်းပ

၂၀၂၂ခုနှစ် မတ်လ(၁၅)ရက် နံနက်ပိုင်းက  စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေး ဆိုင်ရာသဘာဝအရင်းအမြစ်များဌာနခွဲ၊ မြေဆီလွှာသိပ္ပံ သုတေသနဌာနစု နှင့် ရေအသုံးချရေး သုတေသနဌာနစုများရှိ အဆင့်မြှင့်တင်ပြင်ဆင်ပြီးဖြစ်သော မြေဆီလွှာဓာတ်ခွဲခန်း နှင့် စိုက်ပျိုးရေ အရည်အသွေး ဓာတ်ခွဲခန်းသစ်များဖွင့်ပွဲအခမ်းအနားကို  စိုက်ပျိုးရေး ဆိုင်ရာသဘာဝအရင်းအမြစ်များဌာနခွဲ တွင်ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမော်မော်သန်းနှင့် အခြားသော ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြားရာ ရေအသုံးချရေးနှင့်မြေဆီလွှာဓာတ်ခွဲခန်းများသည် ယခင်ကတည်းကပင် သုတေသနပိုင်းဆိုင်ရာ အဖြေများထုတ်ပေးကာ စိုက်ပျိုးရေးကဏ္ဍ၊ သုတေသနကဏ္ဍ ဖွံဖြိုးတိုးတက်အောင်  ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် ယခင်ကရှိခဲ့သည့်ဓာတ်ခွဲခန်းအား ခေတ်နှင့်အညီ ခေတ်မှီ စေရန် အခန်းများအား ပြန်လည်ပြင်ဆင်မွမ်းမံခြင်း၊ ခေတ်မီ ဓာတ်ခွဲခန်းသုံးပစ္စည်းများအား တပ်ဆင်ခြင်းစသည့် အဆင့်မြှင့်တင်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဓာတ်ခွဲခန်းများ  ISO အသိအမှတ်ပြု လက်မှတ်များရရှိရေးအတွက် ယခင် တာဝန်ခံများမှ ကြိုးပန်း ဆောင်ရွက် ခဲ့ကြသလို လက်ရှိတာဝန်ခံများမှလည်း ဆက်လက် လုပ်ဆောင် ရမှာဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထူးပြောကြားလိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများအား ပြန်လည် အဆင့်မြှင့်တင် ပြုပြင်ခြင်းများ ဆောင်ရွက်သကုဲသို့ ပဲ့ကိုင်ရှင်များဖြစ်သည့်  သုတေသီများ၏ စိတ်ထားများကိုလည်း အဆင့်မြှင့်တင်ပြုပြင်ကြရမှာ ဖြစ်ပါကြောင်း၊ SMART mind ပိုင်ရှင်များဖြစ်လာစေရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ခေါင်းဆောင်မှု အရည်အသွေးတို့ ပေါင်းစပ်ကာ လိုက်နာ ကျင့်ကြံ နေထိုင် ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီတွင် အကောင်းမြင်စိတ်ထား ရှိခြင်းဖြင့် တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်း တစ်ခုလုံးဆီအထိ အချင်းချင်းနားလည်မှုရှိကာ ဌာနလုပ်ငန်းများ ပိုမိုအောင်မြင်လာမည် ဖြစ်ပါကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ အင်အားကြီး သည့်သူမှ အင်အားနည်းသည့်သူများအပေါ် ကူညီလက်တွဲကာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဌာနလုပ်ငန်းများ လျင်မြန်စွာ ရှေ့သို့ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ၏ ဓာတ်ခွဲခန်းများ မွန်းမံပြင်ဆင်ပြီးစီးမှုများနှင့် ဆက်လက် ပြင်ဆင် အဆင့်မြှင့်တင်ရန် ကျန်ရှိသည့်အခြေအနေများနှင့်ဆက်စပ်၍လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်းအမြစ်များသုတေသန ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဓာတ်ခွဲခန်းများ မွန်းမံ ပြင်ဆင်ရခြင်း အကြာင်းအရင်းများနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်းရှင်းလင်း ပြောကြားခဲ့ကြပါသည်။