အဓိကအကြောင်းအရာသို့ သွားမည်
x

ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများ အပေါ် ပြန်လည်စိစစ်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများ အပေါ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန်များ နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဆွေးနွေး ပြောကြားရာ၌  မြန်မာနိုင်ငံ၏ စီးပွားဖြစ် ကုန်းမြင့်ကော်ဖီ စိုက်ပျိုး ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်စေရန် နှင့်  အရိပ်ပင်အောက်တွင် စိုက်ပျိုးရသည့် သဘာဝရှိသော ကော်ဖီသီးနှံ စိုက်ပျိုးရေးသည် စီးပွားရေး အတွက်သာမက သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် ရာသီဥတု ပြောင်းလဲမှု ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍  ပြင်ဦးလွင်ဝန်းကျင်တွင် ကော်ဖီသီးနှံ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြု ထားသော ဧရိယာအတွင်း ကော်ဖီစိုက်ပျိုးခြင်းမရှိပဲ လူနေ အဆောက်အအုံနှင့် အခြား လုပ်ငန်းများတွင် သုံးစွဲထားမှုများအပေါ် တည်ဆဲဥပဒေများ နှင့် အညီ စိစစ်ကြပ်မတ်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ ပြင်ဦးလွင် ကော်ဖီ စီမံကိန်း အကောင်အထည်ဖော်ရာတွင် စိုက်ပျိုး မြေများ ရယူသုံးစွဲထားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ဧရိယာပြည့် စိုက်ပျိုးရေး အတွက် မြေအသုံးချခွင့်ပြုထားစဉ်က သတ်မှတ်ပေးထားသည့်အတိုင်း အပြည့် အဝ အကောင်အထည်ဖော်နိုင်ရေးကို သက်ဆိုင်ရာ ဌာနများက ချမှတ်ပေးထားသော မူ နှင့် စည်းကမ်း ချက်များအတိုင်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွင်းဆင်း စစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံ၍ စီမံကိန်းအောင်မြင်အောင် တိကျစွာဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြင့် ဆွေးနွေး ပြောကြားသည်။

     သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြင်ဦးလွင် ကော်ဖီ စီမံကိန်း ဧရိယာအတွင်းရှိ သစ်တောဧရိယာအတွင်း ကျရောက်လျက် ရှိသော ကော်ဖီစိုက်ပျိုးမြေလုပ်ကိုင်သူများအနေဖြင့် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ မူဝါဒ ၊ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ  စိစစ်ကြပ်မတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်ကော်ဖီစီမံကိန်း အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် ကွင်းဆင်းအဖွဲ့များဖွဲ့စည်း စစ်ဆေးမှု များ အရ တွေ့ရှိရသည့်အခြေအနေများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

     ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင် ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု နှင့် ကွင်းဆင်း စစ်ဆေး ချက်များ ၊  ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့် ပြုထားသည့်မြေပေါ်တွင် သတ်မှတ်ထားသောစည်းကမ်းချက်ပါ လမ်းမြေ အဆောက်အအုံ အရွယ်အစားထက် ပိုမိုအသုံးပြုခြင်း၊ အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ကော်ဖီ စိုက်ပျိုးထားခြင်း မရှိသော မြေယာများအပေါ် ဥပဒေနှင့် အညီ စီမံဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။