အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးသုတေသနဦးစီးဌာန၏ သုတေသနဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၏ သုတေသန ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ စုဝေးခန်းမတွင် ဇွန်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူးများ၊  သုတေသနတာဝန်ခံများနှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်းငန်းဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း ဥက္ကဌ နှင့်တကွ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။ စုစုပေါင်းသင်တန်း တက်ရောက်သူအရေအတွက်မှာ ၅၁ဦးဖြစ်ပြီး ရုံးချုပ်မှသင်တန်းတက်ရောက်သူ(၃၀)ဦးနှင့်  သုတေသန စခန်းများမှ  on line ဖြင့် သင်တန်းတက်ရောက်သူ(၂၁)ဦးရှိကြောင်းသိရှိရသည်။

အဆိုပါသင်တန်းအား  တီထွင်ဆန်းသစ်သော  မွေးမြူရေးသုတေသနလုပ်ငန်းများဖြင့်  မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရန်  သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအား ဖွင့်လှစ် ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားရာ မွေးမြူရေးသုတေသနဦးစီးဌာနကို ခွင့်ပြုဖွဲ့စည်းပုံ အရ အရာထမ်း(၂၀၁)ဦး၊ အမှုထမ်း(၄၄၀)ဦး စုစုပေါင်း (၆၄၁)ဦး တို့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိပြည်တောင်စုဝန်ကြီးရုံး၊ဦးစီးဌာန၊တက္ကသိုလ်များမှဝန်ထမ်းများဖြင့်  စုစည်းဖွဲ့စည်းခဲ့ပြီး (၁-၄-၂၀၂၂)ရက်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ မွေးမြူရေးသုတေသန ဦးစီးဌာနတွင် ကုန်းသတ္တဝါ၊ ရေသတ္တဝါဆိုင်ရာသုတေသနလုပ်ငန်းများဖြစ်သည့်  ဇီဝနည်းပညာနှင့်မျိုးရိုးဗီဇ သုတေသန၊ အစာနှင့်ဆေးဝါးသုတေသန၊ ရောဂါပိုးမွှားသုတေသန၊ နည်းပညာနှင့်ထွက်ကုန်သုတေသနလုပ်ငန်း များကို ရုံးချုပ်တွင်သုတေသနဌာနခွဲ (၈)ခုဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်(၉)ခု တို့တွင် မွေးမြူရေးသုတေသနစခန်း(၇)ခုနှင့် ငါးသုတေသနစခန်း(၇)ခုတို့ဖြင့် လည်းကောင်း  သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ၊ လက်ရှိခန့်ထားဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း (၃၂)ဦး၊ အမှုထမ်း(၇၄)ဦး စုစုပေါင်း(၁၀၆)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လိုအပ်ဝန်ထမ်းများကိုလည်း ဆက်လက် ခန့်ထားသွားမှာ ဖြစ်ပါကြောင်း၊ မတူကွဲပြားသော နယ်ပယ်အသီးသီးမှ အရာထမ်း၊အမှုထမ်းများအနေဖြင့် မိခင်ဌာနနှင့်မတူညီသည့်လုပ်ငန်းများထမ်းဆောင်ရာတွင် မွေးမြူရေးဆိုင်ရာသုတေသန လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန် ဤသင်တန်းအားဖွင့်လှစ်ခဲ့ခြင်းဖြစ်သလို  နောင်တွင်လည်း မွေးမြူရေးနှင့် ဆက်စပ်သည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း၊ သုတေသီများအနေဖြင့် သုတေသနတွေ့ရှိချက်များအား အစီရင်ခံတင်ပြရာတွင် သုတေသီများ၏ အရည်အသွေး နှင့်  မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းသည် အရေးကြီးကာ သုတေသီများ လိုက်နာရမည့်  စေ့စပ်သေချာခြင်း၊ တိကျမှန်ကန်ခြင်းနှင့် ရိုးသားခြင်းစသည့် ကျင့်ဝတ်များသည်လည်း အရေးကြီးလှပါကြောင်း၊ သင်တန်းသား များအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာဖြင့် လိုက်နာသင်ယူမှတ်သားစေလိုကာ လက်တွေ့ ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများတွင် အကျိုးရှိရှိပြန်လည်အသုံးချစေလိုပါကြောင်း၊ သို့မှသာ သုတေသန အရည်အသွေးနှင့်စွမ်းဆောင်ရည်များမြင့်မားပြီး သုတေသနလုပ်ငန်းများကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်ကာ မွေးမြူရေးသုတေသနဦးစီးဌာန၏မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းခွင်တွင်ပျော်ရွှင်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက် နိုင်သူများဖြစ်အောင် ကြိုးစားကျင့်ကြံအားထုတ်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာဆောဘောမ်မှ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ သင်တန်းတွင်သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား ၈ ရက်တာကာလပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး Leadership & Project Mangement, Nutrition Research& Survey, Socio- economic Survey, Sampling Method & Data Analysis,Research Ethics,Research Question& Methodology, Indigenous Breeds Conservation, Phenotypic& Genotypic Survey, Apiculture & Fish Diseases Research, Proposl Writing ဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။