အဓိကအကြောင်းအရာသို့ သွားမည်
x

လုပ်ကွက်ငယ်တောင်သူများကို လက်တွဲခေါ်ယူပြီး ပိုမို အားကောင်းသော လယ်ယာစီးပွားလုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းကြရန်လို

ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တန်ဖိုးမြင့်သီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်လာရေး၊ အဆင့်မြင့် နည်းပညာများ အသုံးပြု၍ အရည်အသွေးမြင့် ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က နည်းပညာနှင့်အားပေးကူညီ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ပုဂ္ဂလိက လယ်ယာစီးပွားရေးလုပ်ငန်းရှင်များ အပိုင်းကပါ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ကွက်ငယ် တောင်သူများကို လက်တွဲခေါ်ယူပြီး ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက် တစ်ပြိုင်တည်း တိုးတက်ထုတ်လုပ်နိုင်သော လယ်ယာစီးပွားလုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းကြရန် လိုကြောင်း ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းရှင်များ နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် HEHO Aesthetic Farm ၏အာဟာရပျော်ရည်တွင် မြေလွတ် စိုက်ပျိုးထား သည့် အဟာရပြည့်ဝပြီး ဘေးဥပါဒ်ကင်းစင်သော ဆလပ် နှင့် မုန်ညင်း စိုက်ခင်းများ၊ ပျိုးပင်ငယ်များ ပျိုးထောင်ထားရှိမှု တို့ကို ကြည့်ရှု အားပေးရာ တာဝန်ရှိသူများက ခေတ်မီ နည်းပညာ အသုံးပြု၍ စိုက်ပျိုး ဆလပ် နှင့် မုန်ညင်း စိုက်ပျိုးထုတ်လုပ်၍ မြို့ကြီးများရှိ စားသောက်ဆိုင်ကြီးများ  ဟိုတယ်များသို့ တန်ဖိုးမြင့်ကုန်ပစ္စည်းအဖြစ် တင်ပို့ရောင်းချ နေမှုနှင့် တိုးချဲ့လုပ်ကိုင်ရန် စီမံ ဆောင်ရွက် နေမှုများကို ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က အရည်အသွေးမြင့် စိုက်ပျိုးရေး ထွက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ပုဂ္ဂလိက လယ်ယာစီးပွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှု နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

အလားတူ Shan Orchard Myanmar လီမိတက်၏ ထောပတ်သီး စိုက်ပျိုးရေး၊ ဝယ်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောပတ်သီးများ လေလွင့်ဆုံးရှုံးမှု လုံးဝမဖြစ်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်သူများ တည်ငြိမ်သောဈေးကောင်းရရှိရေးအတွက် ထောပတ်သီးမှ စားသုံးဆီ နှင့် အလှကုန်လုပ်ငန်း သုံးဆီ ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုး ထွက်ရှိလာသည့် ထောပတ်သီးများ၏ တစ်ဝက်ခန့် လေလွင့်ဆုံးရှုံးနေမှုကို လျှော့ချနိုင်ရေး အတွက် ခူးဆွတ်ရမည့် ကာလ ၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ၊ ကိုင်းဖြတ် ကိုင်းချန်ခြင်း အပါအဝင် ထောပတ်သီးပင်စိုက်ပျိုးရာတွင် လိုက်နာ ရမည့် နည်းပညာပေး လုပ်ငန်းများတွင် ဌာနနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဟဲဟိုး-ဘော်ဆိုင်း လမ်းဘေးဝဲယာတွင် ထင်းရှူးပင်များ စိုက်ပျိုးရေး အတွက် မြေတိုင်းတာခြင်း၊ ပန္နက်စိုက်ခြင်း ၊ ကျင်းတူးခြင်း နှင့် အပင်စိုက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့ ဒေသသာယာလှပရေးအတွက် သစ်ပင်များ စိုက်ပျိုးရာ တွင် အပင်များရှင်သန်ပြီး ရေရှည်တည်တံ့ စေရန် ဒေသနေပြည်သူများ ပူးပေါင်း ဆောင်ရွက်လာရေး အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊  တချိန်တည်းတွင် လမ်းဘေးဝဲယာရှိ ဒေသနေ တောင်သူများအား မြေဆီလွှာထိန်းသိမ်းနည်း ၊ မြေအစိုဓါတ် ထိန်းသိမ်းနည်းများ အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးကြရန်လိုကြောင်း ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။