အဓိကအကြောင်းအရာသို့ သွားမည်
x

ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ဇွန်လ(၁၇)ရက်နေ့က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော  ဦးတင်ထွဋ်ဦး နှင့် ဦးခင်မောင်ရီ ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ အောင်ကြီး နှင့် ဦးမြင့်စိုး ၊ အမြဲတမ်းအတွင်းဝန်များ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖိတ်ကြားထား သူများ က အွန်လိုင်းစနစ် ဖြင့် တက်ရောက်ကြသည်။

     အခမ်းအနားတွင် ကော်ဖီဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ တောင်သူများ၏ ဝင်ငွေတိုးတက်ရေး နှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် သီးနှံ တစ်မျိုးချင်းစီ ၏ စိုက်ပျိုး ထုတ်လုပ်နိုင်မှု စွမ်းအား တိုးတက်ရေးကို ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကော်ဖီ သီးနှံ သည်လည်း အရေးကြီးသော နှစ်ရှည်သီးနှံပင်အဖြစ် ပါဝင်လျက်ရှိပါကြောင်း၊ အခြေအနေ ပေးသော တိုင်းဒေသကြီး ပြည်နယ်များတွင် အရည်အသွေး မြင့်မားသည့် ကုန်းမြင့် ကော်ဖီ နှင့် မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် အဓိကပို့ကုန် တစ်ခု ဖြစ်လာစေရေး အတွက် နိုင်ငံတော်အစိုးရက မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာ အောက်ရှိ ဥယျာဉ်ခြံသီးနှံအုပ်စုတွင် ကော်ဖီသီးနှံကို ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန် နှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုအတွက် အခြေအနေကောင်းများ ဖန်တီးပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။

     ၎င်းနောက် ကော်ဖီဗဟိုအဖွဲ့ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ကော်ဖီတိုးချဲ့စိုက်ပျိုးရေး နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးတင်ပြ သည်။

     ဆက်လက်၍ ကော်ဖီဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ကော်ဖီသည် အရိပ်ရပင်များ အောက်တွင် စိုက်ပျိုးရသော သီးနှံ ဖြစ်၍ မြန်မာနိုင်ငံ၏ သစ်တောဧရိယာဖုံးလွှမ်းမှုကို အထောက်အကူပြုသည့်အပြင် သဘာဝပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးမှုကိုလည်း အကျိုးပြုကြောင်း၊ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သော မြေဧရိယာများကို သင့်လျော်သော သစ်တော ဧရိယာများတွင် ရွေးချယ်ဆောင်ရွက်သွားရန် အလားအလာများရှိပါကြောင်း၊ ကော်ဖီစီမံကိန်း စတင် ဆောင်ရွက်ခဲ့သော ပြင်ဦးလွင် နှင့်‌ နောင်ချိုဒေသတွင် ကော်ဖီစိုက်ခင်းများဖြစ်ထွန်းမှု ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွေ့အကြုံကောင်းများရှိနေပါကြောင်း ဆွေးနွေးပြောကြားသည်။

     ထို့နောက် ကော်ဖီဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကော်ဖီ တိုးချဲ့ စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် တိုင်းဒေသကြီး ပြည်နယ် ခရိုင်နှင့် မြို့နယ်များ၌ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း ၍ ရှင်းလင်း တင်ပြသည်။

     ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံကျော် ရှိပြီး International Coffee Organization ရဲ့ ခန့်မှန်းချက်များအရ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုမှာ လာမည့်(၅)နှစ်အတွင်း နှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး စီးပွားရေးတိုးတက်သော နိုင်ငံများတွင် တစ်ဦးချင်းဝင်ငွေ တိုးတက်လာသည်နှင့်အမျှ ကော်ဖီကို ပိုမိုသောက်သုံး လာလျက်ရှိကြောင်း၊ အချို့နိုင်ငံများတွင် လက်ဖက်ရည် ကို အဓိကသောက်သုံးရာမှ ကော်ဖီအား ပြောင်းလဲသောက်သုံး လာလျက်ရှိရာ ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာမှု အလားအလာအရ  မြန်မာနိုင်ငံ၌ ကော်ဖီတိုးချဲ့ စိုက်ပျိုးပါက ဈေးကွက်ရရှိနိုင်မှု သေချာသော အခြေအနေ တွင် ရှိနေကြောင်း။ သီးနှံစုံစိုက်ပျိုးနိုင်သော ဂေဟစနစ်အခြေအနေကောင်းများရှိသည့် မြန်မာနိုင်ငံအနေဖြင့် အာရေးဗီးကား(Arabica) ကော်ဖီ ထုတ်လုပ် နိုင်သည့် တောင်ကုန်း တောင်တန်းဒေသများ၊ ရိုဘတ်စတာ(Robusta)ကော်ဖီ ထုတ်လုပ်ရန် သင့်တော်သော မြေပြန့် ဒေသများ ရှိနေ သော်လည်း လက်ရှိကော်ဖီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် (၉,၀၀၀) ကျော်ခန့်သာ ရှိနေဆဲဖြစ်၍  ကော်ဖီ အဓိက ထုတ်လုပ် တင်ပို့ သည့် နိုင်ငံဖြစ်လာရန်အတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးထားရှိသော ကော်ဖီများအား အရည်အသွေးမြင့်မားသည့် ကော်ဖီများ ထုတ်လုပ်နိုင်ရေး တို့ကို စနစ်တကျစီမံဆောင်ရွက်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

     မြန်မာ့ကော်ဖီ ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ ကော်ဖီတိုးချဲ့ စိုက်ပျိုးရေးကို စီမံဆောင်ရွက်ရန် ကော်ဖီဗဟို အဖွဲ့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မန္တလေး ၊ မကွေး ၊ တနင်္သာရီတိုင်းဒေသကြီးများ နှင့် ကရင် ၊ မွန် ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ နှင့် ကော်ဖီ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ် တလျောက်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

     ယနေ့ကျင်းပသည့် ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကော်ဖီ ဗဟိုအဖွဲ့ ၏ လုပ်ငန်း တာဝန် ဝတ္တရားများ ကို အကောင် အထည်ဖော်နိုင်ရေး ၊ ကော်ဖီတိုးချဲ့ စိုက်ပျိုး ထုတ်လုပ်မည့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ကော်ဖီ အဓိက တင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာစေရေး အတွက် ကော်ဖီတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် လိုအပ်သော မူဝါဒများ ချမှတ်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေး ကောင်း ကော်ဖီ ထုတ်လုပ်မှု ကွင်းဆက် တလျှောက်ရှိ ကြိတ်ခွဲပြုပြင် ထုတ်လုပ်ခြင်း လုပ်ငန်းများ အဆင့်မီဖွံ့ဖြိုး တိုးတက်လာရေး၊ ပြည်ပ တင်ပို့မှုလုပ်ငန်းများ ကို အားပေး ဆောင်ရွက်ရန် ကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။