အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန ၂၀၂၂ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက် ထည့်ပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၂၂ခုနှစ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား ကို ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအနီး၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေး သိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ ၊ ရွှေဝါငါးသားပေါက် စုစုပေါင်း ကောင်ရေ(၂)သိန်းကို ငါးမျိုး စိုက်ထည့်ပေးကြသည်။

     ထို့နောက် ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ အခမ်းအနား တက်ရောက် လာကြသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် နေ့စဉ်နှင့် အမျှ တိုးပွားလာလျက်ရှိသည့် ကမ္ဘာ့လူသားများအတွက် လိုအပ်နေသော စားနပ်ရိက္ခာ ထုတ်လုပ်မှု ၊ မြို့ပြများတိုးချဲ့လာမှု ၊ သဘာဝ အရင်း အမြစ်များအလွန်အကျွံ ထုတ်ယူသုံးစွဲမှု များကြောင့် ယိုယွင်းလာလျက်ရှိသည့် သဘာဝ ပတ်ဝန်း ကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် လူသားအားလုံး၌ တာဝန်ရှိနေပါကြောင်း၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ အစိုးရအနေဖြင့်လည်း နိုင်ငံအေးချမ်းသာယာပြီး စားရေရိက္ခာများ ဝဝလင်လင် စားသုံးနိုင်ရေး နှင့် ပြည်သူများ စိတ်ချမ်းချမ်းသာသာနေနိုင်သော ပတ်ဝန်းကျင်ဖြစ်စေရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိရာ သစ်တော သစ်ပင်များ ပြန်လည် တိုးပွားလာရေး အတွက် နှစ်စဉ် မိုးရာသီ သစ်ပင် စိုက်ပွဲများကို ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ကားလမ်းဘေး ဝဲယာများတွင် သစ်ပင်များ စိုက်ပျိုးသွားနိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း၊ အလားတူ သဘာဝမြစ်ချောင်း များ တွင် ငါးသယံဇာတအရင်းအမြစ်များ တိုးပွားလာရေးအတွက် ငါးမျိုး စိုက်ထည့် ပေးခြင်း ကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အခြား တစ်ဘက်တွင်လည်း ကောက်ရိုးမီးရှို့ခြင်း၊ တောရှင်းမီးရှို့ ခြင်း စသည့် လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန် နှင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများတွင် သဘာဝဂေဟစနစ် ထိခိုက်မှုကို လျှော့ချနိုင်မည့် နည်းပညာများ အသုံးပြုလုပ်ဆောင်နိုင်ရေး၊ အသိပညာပေးလုပ်ငန်း တိုးချဲ့ ဆောင်ရွက် ရေးကိုလည်း သက်ဆိုင် သူ အားလုံးတို့က ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

     ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စိုက်ပျိုးနည်း စနစ်များ အသုံးပြုရေး နှင့် သဘာဝမြေဩဇာပြုလုပ်မှုနည်းစနစ်များ၊ စိုက်ပျိုးရေးဓါတု ပစ္စည်းများ စနစ်တကျအသုံးပြုခြင်း နှင့် စနစ်တကျစွန့်ပစ်ခြင်း ၊   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ကောင်းမွန် သော မွေးမြူ နည်း စနစ် အသုံးပြုရေးအပါအဝင် မွေးမြူရေးကဏ္ဍတွင် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုလျှော့ချရေး နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင် က ငါးသယံဇာတတိုးပွားရေး အတွက် ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိသော ငါးမျိုးစိုက် ထည့် ရေး လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပင်လယ်ပြင် နှင့် ကုန်းတွင်းပိုင်း ရေချိုဒေသများတွင် ငါးသယံဇာတတိုးပွားရေး အတွက် ငါးမဖမ်းရ ရာသီများ သတ်မှတ်ဆောင်ရွက်နေမှုများ၊ ဆည်ကန်များ နှင့် သဘာဝရေပြင်ကျယ် များတွင် ရေပေါ်လှောင်အိမ် စနစ် ဖြင့် ငါးမွေးမြူရေး လုပ်ငန်း စနစ်တကျလုပ်ကိုင်နိုင်ရေး နည်းပညာပေး ကူညီဆောင်ရွက်နေမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

     ၎င်းနောက် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော် ကောင်စီနယ်မြေ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှုများ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

     တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပေါင်းလောင်း ရေလှောင်တမံ အနီး ရှိ သတ်မှတ် နေရာများတွင် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယမနေ စသည့် နှစ်ရှည်ပင် (၁၀၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

     ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က နှစ်စဉ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ယမန်နှစ်က လယ်ဝေးမြို့နယ် ချောင်းမငယ် ရေလှောင် တမံအနီးတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင်ကျွန်း ၊ မဟော်ဂနီ၊ ပိတောက် နှင့် တမလန်း စသည့် နှစ်ရှည်ပင်(၁၀၀၀)တွင် ၉၈% ကျော် မှာ ရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်း သတင်းရရှိသည်။