အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးထွက်ကုန်များမှ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၂၅)ရက်နေ့က နေပြည် တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန်ရှိ တောင်သူမ သစ်သီး‌ခြောက်နှင့် ယိုစုံလုပ်ငန်းစက်ရုံ သို့ရောက်ရှိရာ  စက်ရုံတာဝန်ခံ က လက်ရှိထုတ်လုပ်နေသည့် ပြည်ပပို့ကုန် သရက်သီးခြောက် ထုတ်လုပ်နေမှု၊ ပြည်ပသို့တင်ပို့နေသည့် စိုက်ပျိုးရေးထွက် ကုန်ချောများ ထုတ်လုပ်မှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

     တင်ပြချက်များအပေါ်  ဒုတိယဝန်ကြီး က စီးပွားရေး တွက်ခြေကိုက်မှုကို အခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေး၊ တန်ဖိုးမြှင့်စားသောက်ကုန်ချောများ ထုတ်လုပ် ရာတွင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်း နှင့်အညီ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ဖြစ်စေရေး အလေးထား ဆောင်ရွက်လိုအပ်ချက်များကို ဆွေးနွေး မှာကြားပြီး စက်ရုံအတွင်း သရက်သီးခြောက် ထုတ်လုပ်နေမှု တို့ကို  လိုက်လံကြည့်ရှု အားပေး သည်။

     အလားတူ ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့ရှိ Myanmar Agri Food Co;.Ltd . ၏ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အရည်အသွေးကောင်းသော ကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ရရှိရေး နှင့် တန်ဖိုးမြင့်ထုတ်ကုန်  အေးခဲဟင်းသီးဟင်းရွက်များ အဖြစ် နိုင်ငံတကာ စျေးကွက် သို့ တင်ပို့နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ ဒုတိယဝန်ကြီး က တောင်သူများ အတွက် တည်ငြိမ်သော စျေးကွက်နှင့် အကျိုးအမြတ်ရရှိစေရေး၊ တောင်သူ တစ်ဦးချင်းစီ ၏ ဝင်ငွေတိုးတက်စေရေး၊ စျေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်ကုန်အရည်အသွေး စံချိန် စံညွှန်းများ ပြည့်မီစေရေးနှင့် အစားအစား ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များကို တာဝန်ရှိသူများအားဆွေးနွေး မှာကြားသည်။

     ဆက်လက်၍ ရေးဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန  စပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်းကိုလည်းကောင်း၊ စပ်မျိုးနေကြာစိုက်ခင်းနှင့် ပျားမွေးမြူရေး တွဲဖက် ဆောင်ရွက်ထားသည့်  စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုပြီး ဒုတိယဝန်ကြီး က လယ်ယာ စီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး တီထွင်ကြံဆလုပ်ဆောင်လိုစိတ်သည် လုပ်ငန်း အောင်မြင်ရေး အတွက် အဓိက စွမ်းအားတစ်ခုဖြစ်ကြောင်း၊ သုတေသန နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ လက်တွေ့ အသုံးချနိုင်သည့် သုတေသနရလဒ်များကို တောင်သူများ လက်ဝယ် ရောက်ရှိစေရေးကိုလည်း ထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများနှင့် သုတေသနပြုသူများ အကြား လက်ဆင့်ကမ်းပေးသည့် နည်းပညာ ပြန့်ပွားရေး လုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက် တုန့်ပြန်မှုနှင့် လက်တွေ့ မြေပြင် အခြေအနေမှန်များကို ထဲထဲဝင်ဝင်သိရှိ ဆောင်ရွက် ပေးနိုင်ရေး ကြိုးပမ်း ကြစေ လိုကြောင်းမှာကြားသည်။

     အလားတူ စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ တောင်သူများအား အလုပ်အကိုင်အခွင့်လမ်းများ ဖန်တည်း ပေးနိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်စေနိုင်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ် တည်ထောင်ထားသည့် စပါးဇီဝဥယျာဉ် သို့ရောက်ရှိပြီး ကောက်ရိုးကိုအသုံးပြု၍ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် စက္ကူထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ကောက်ရိုးနှင့် စပါးခွံ အသုံးပြု၍ တီကျစ်မြေဆွေးပြုလုပ်ခြင်း၊ ဇီဝမြေသြဇာထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေး သိုလှောင်ကန် တည်ဆောက်အသုံးပြုခြင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသော ဘေးထွက် ပစ္စည်းများကိုအသုံးပြု၍ တိရိစ္ဆာန်အစားအစာ ထုတ်လုပ်ခြင်းနှင့် ဆန်ကို အခြေခံ၍ ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ်ပါဝင်မှုကိုလေ့လာပြီး အာဟာရဓာတ်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။