အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး “ကျွဲ နွား မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲ” တွင် အမှာစကား ပြောကြား

“ကျွဲနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးရေး ဆိုင်ရာ ဆွေးနွေးပွဲ” ကို ဩဂုတ်လ(၄) ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့်  ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ မွေးမြူသူ လုပ်ငန်းရှင်များ၊ မွေးမြူရေးကုန်သည်များတက်ရောက်ကြပြီး၊  တိုင်းဒေသကြီး ပြည်နယ် များမှ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကျွဲနွား ၁

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကား ပြောကြားရာ ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် အစားအစာ ဘေးကင်း လုံခြုံပြီး အဟာရပြည့်ဝသော အသားထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး၊  ပြည်တွင်းစားသုံးမှု ဖူလုံရေး နှင့် ပြည်ပတင်ပို့မှု တိုးတက်ရေး တို့အတွက် မွေးမြူ ထုတ်လုပ် ရောင်းချမှု ဆိုင်ရာ မူဝါဒ နှင့်အညီ ကျွဲ နွား ကုန်သွယ်မှု အကြံပေး အဖွဲ့ နှင့် မွေးမြူ ထုတ်လုပ် ရောင်းချမှု ကြီးကြပ်ရေး အဖွဲ့ တို့အား ဖွဲ့စည်းထားရှိပြီး ကျွဲနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးရေး ကြိုးပမ်းလျက် ရှိကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် မွေးမြူသူ၊ ကုန်သည်၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် နှင့် ဦးစီးဌာနများ အကြား ကျွဲနွား မွေးမြူ ထုတ်လုပ် ရောင်းချမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားနည်းချက်၊ အားသာချက်များကို အခြေခံ၍ ဝယ်ရောင်း စနစ်မှ မွေးမြူထုတ်လုပ် ရောင်းချ သည့် စနစ် ကျင့်သုံး နိုင်ရေး အတွက် ဆွေးနွေး ဖော်ထုတ် သွားကြရန် တိုက်တွန်း ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ကျွဲနွားဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများ က နွားမွေးမြူထုတ်လုပ်မှု မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်ချက်များ ၊ အစုအဖွဲ့ ဖြင့် မွေးမြူ ထုတ်လုပ်မှု စနစ် ပေါ်ထွန်းလာစေရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကန်ထရိုက်စနစ် နှင့် ကိုယ်တိုင်မွေးစနစ်တို့ဖြင့် မွေးမြူ ထုတ်လုပ်သော လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး အတွက် ဌာန နှင့် ပုဂ္ဂလိတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မွေးမြူထုတ်လုပ် ရောင်း ချမှုဆိုင်ရာ တန်ဖိုး ကွင်းဆက် တစ်လျှောက် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ပြုနိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ကျွဲနွားဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ

  မြန်မာနိုင်ငံတွင် ကျွဲနွားမွေးမြူရေးကို လယ်ယာ လုပ်ငန်းခွင်များ ၌ အသုံးပြုရန် မိရိုးဖလာနည်းအရ တစ်ပိုင်တစ်နိုင် မွေးမြူခဲ့ကြပြီး ၂၀၁၉ ခုနှစ် စာရင်းအရ နိုင်ငံအတွင်း ကျွဲနွားကောင်ရေ ၁၀ သန်းကျော် ရှိပြီး ကျွဲကောင်ရေ ၂ သန်းခန့် ၊ ဒေသနွား ကောင်ရေ ၉ သန်းခန့် ၊ နို့စားနွား ကောင်ရေ ၅ သောင်းကျော်၊ နွားနောက်ကောင်ရေ ၅ သောင်း ကျော် မွေးမြူထားရှိကြောင်း၊ ရေမြေ သဘာဝ နှင့် ကိုက်ညီသည့် နွားမျိုးများရှိခြင်း၊ မွေးမြူမှု နည်းစနစ်များ နှင့် အကျွမ်းတဝင် ရှိပြီး ဖြစ်ခြင်း၊ တိရစ္ဆာန် အစာအဖြစ် အသုံးပြု နိုင်သော စိုက်ပျိုးရေး ထွက်ကုန်များ ရှိခြင်း၊ နိုင်ငံနှင့် အနီးဆုံးတွင် ကြီးမားသော ဈေးကွက်ကြီးများ ရှိနေခြင်းတို့ကြောင့် နွားမွေးမြူရေး မှ အကျိုးအမြတ် များစွာ ရရှိနိုင် သဖြင့် ကျွဲနွားအရှင် တင်ပို့ခြင်းသာမက ရေရှည်တွင် အေးခဲသား နှင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေးကို မျှော်မှန်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။