အဓိကအကြောင်းအရာသို့ သွားမည်
x

အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်း နှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော်က ချေးငွေ ထုတ်ပေးမည်

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ၏ လမ်းညွှန်ချက်အရ လာမည့် စိုက်ပျိုးရာသီ၊ နွေစပါးသီးနှံ၊ ပဲတီစိမ်းသီးနှံ နှင့် ရေချိုပုစွန်မွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများတွင်  နိုင်ငံတော်က ချေးငွေ ထုတ်ပေးပြီး၊ အကျိုးတူ လယ်ယာ စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိကြောင်း၊ တောင်သူများ၊ မွေးမြူသူများ အစုအဖွဲ့ (သို့မဟုတ်) တောင်သူ မွေးမြူသူ သမဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီများ နှင့် ဆန်စက်၊ ပဲခွဲစက်များ ပါဝင်ပြီး၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့ချုပ်များ၊ အသင်းအဖွဲ့များ က ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး ကို အခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းဆိုင်ရာ စနစ်ပုံစံနှင့်လုပ်ငန်းစဉ်များ  ညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်း နှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော်က ချေးငွေ ထုတ်ပေးမည်

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း၊ ငါး ပုစွန် အစာ ထုတ်လုပ်ရောင်း ဝယ်သူများအသင်း တို့မှ ဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကား ပြောကြားရာ ၌ အကျိုးတူစနစ်ဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင်  တောင်သူအစုအဖွဲ့၊ တောင်သူသမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ အကျိုးတူ လယ်ယာ စနစ် ဆောင်ရွက်မည့်သူများ ရွေးချယ်သတ်မှတ်ခြင်း၊ သွင်းအားစု ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ သွင်းအားစုများ ဖြန့်ဖြူးခြင်းနှင့် သွင်းအားစုဖိုးငွေ ထုတ်ပေးခြင်း၊ သီးနှံများ ထွက်ကုန်များ ဝယ်ယူခြင်း၊ သီးနှံများ ထွက်ကုန်များ အာမခံထားခြင်း နှင့် ချေးငွေ ပြန်လည် ပေးဆပ်ခြင်း စသည့် လုပ်ငန်းစဉ်တွင် ပါဝင်ကြောင်း  ၊ အကျိုးတူလယ်ယာ(Contract Farming)စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း၊ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ ကို တောင်သူအစုအဖွဲ့ (သို့မဟုတ်) တောင်သူသမ ဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီများနှင့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များအကြား သုံးဦး သုံးဖလှယ် သဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ရန် လိုကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင်  အသိသက်သေများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့က ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ နှင့် အသင်းချုပ်၊ အသင်းအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် တောင်သူအစုအဖွဲ့များ တောင်သူ သမဝါယမ အသင်းများ ဖွဲ့စည်းခြင်း ၊ သွင်းအားစုများ ဖြန့်ဖြူးခြင်း နှင့် သွင်းအားစုဖိုးများ ပေးချေခြင်း၊ သီးနှံများ ထွက်ကုန်များ ပြန်လည်ဝယ်ယူခြင်း လုပ်ငန်းများတွင် ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

Contract Farming

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန်မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာ စနစ်ပုံစံနှင့်လုပ်ငန်းစဉ်များ ကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေး တင်ပြခဲ့ကြကြောင်း သတင်းရရှိ သည်။