အဓိကအကြောင်းအရာသို့ သွားမည်
x

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ် စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ် စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနား ကို ဩဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင် ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရေပေါ်လှောင်အိမ်စနစ်ဖြင့်ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နေပြည်တော် ကောင်စီနယ်မြေအတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် အာဟာရပြည့်ဝရေး ဆောင်ရွက်ရာတွင် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလည်း ပါဝင်ပါကြောင်း၊ ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံရေး အပြင် အခြားတိုင်းဒေသကြီး ပြည်နယ်များ နှင့် လိုအပ်ချက်ရှိနေသည့် အနီးဝန်းကျင်ဒေသများ သို့ တင်ပို့ ရောင်းချနိုင်သည်အထိ ငါးမွေးမြူထုတ်လုပ်မှု သိသာစွာ တိုးတက်လာရေးအတွက်  နေပြည်တော် ပတ်ဝန်းကျင်ရှိ ပေါင်းလောင်းမြစ်အပါအဝင်၊ ဆည် တာတမံ နှင့် အခြေအနေပေး သည့် သဘာဝ မြစ်ချောင်းများတွင် တိုးချဲ့မွေးမြူနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန က အားပေး ကူညီလျက် ရှိပါကြောင်း၊ ခေတ်မီ နည်းစနစ် အသုံးပြု၍ ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်လာ ပါက ငါးမွေးမြူ ထုတ်လုပ်သည့် လုပ်ငန်းစဉ် ကွင်းဆက် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း၊ ရာသီအလိုက် တိုးချဲ့ထုတ်လုပ်လျက်ရှိသည့် လယ်ယာ သား ငါး ထွက်ကုန်များအား အအေးခန်းများဖြင့် သိုလှောင်ခြင်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပါက နေပြည်တော် သည် အချက်အချာကျသည့် စားနပ်ရိက္ခာဇုန် တစ်ခု ဖြစ်လာမည့် အခြေခံ ကောင်းများ ရှိပြီးဖြစ်၍ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် သက်ဆိုင်သူအားလုံး တို့က ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရေပေါ်လှောင်အိမ်စနစ်ဖြင့်ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌ က ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော် တွင် လယ်ယာ သား ငါးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၊ ဒေသနေ ပြည်သူများ ၏ အလုပ်အကိုင်အခွင့်အလမ်း နှင့် လူမှုစီးပွား ဘဝများ တိုးတက်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပေါင်းလောင်း မြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူနိုင်မှုအခြေအနေနှင့် ငါးမွေး တောင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အလားအလာများကို ရှင်းလင်းတင်ပြသည်။

ရေပေါ်လှောင်အိမ်စနစ်ဖြင့်ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ပေါင်းလောင်းမြစ် အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူလုပ်ကိုင်မည့် တောင်သူကြီး ဦးကြည်ထွန်း ၏ ရေပေါ်လှောင်အိမ် (၄)ခု အတွင်းသို့ တီလားဗီးယား ငါး သားပေါက်များ မျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ယနေ့ ငါးမျိုးစိုက်ထည့် မွေးမြူခြင်းလုပ်ငန်းကို အနီး ဝန်းကျင်ရှိ ကျေးရွာများမှ ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများအား နမူနာအဖြစ် ပြသပြီး ပေါင်းလောင်းမြစ်ကြောင်းတစ်လျှောက်နှင့် အခြေအနေ ပေးသည့် သဘာဝရေပြင်များ တွင်  ရေပေါ် လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူထုတ်လုပ်မှု တိုးပွားလာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေပေါ်လှောင်အိမ်စနစ်ဖြင့်ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးကို ချောင်းမငယ်ရေလှောင်တမံ နှင့် အထက် ပေါင်းလောင်း ရေလှောင်တမံ တို့တွင် ဒေသနေ တောင်သူများ နှင့် ပူးပေါင်း၍ စတင် စမ်းသပ် ဆောင်ရွက်ခဲ့ရာ ယမန်နှစ် အတွေ့အကြုံများ အရ ငါးများ ရှင်သန် ကြီးထွားပြီး စီးပွားရေးအရ တွက်ခြေကိုက်သည်ကို တွေ့ရှိရသဖြင့် ပုဂ္ဂလိက ငါးမွေးမြူသူ အသေးစား လုပ်ငန်းရှင် အစုအဖွဲ့များသို့ လုပ်ငန်းများလွှဲပြောင်းပေးခဲ့ပြီး စီးပွားဖြစ်မွေးမြူရေး ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် ပေါင်းလောင်း မြစ် ၏ ရေစီးနေသည့် နေရာတွင် စီးပွားဖြစ် မွေးမြူရေးကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပေါင်းလောင်းမြစ်သည် ရေလှောင်တမံ အဆင်ဆင့် မှ တစ်နှစ်ပတ်လုံး ရေလွှတ်ပြီး လျှပ်စစ် ဓါတ်အား ထုတ်နေသဖြင့် ရေများအဆက်မပြတ် စီးဆင်း နေခြင်း ကြောင့် စီးပွားဖြစ် ငါးမွေးမြူရေး ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရေပေါ်လှောင်အိမ် စနစ်ဖြင့် တီလားဗီးယား၊ ငါးကြင်း၊ ငါးတန်၊ ငါးခုံးမ စသည့် ငါးမျိုးများကို ဈေးကွက် လိုအပ်ချက်နှင့်အညီ ရွေးချယ်မွေးမြူနိုင်ကြောင်း သတင်းရရှိသည်။