အဓိကအကြောင်းအရာသို့ သွားမည်
x

မကွေးတိုင်းဒေသကြီးအတွင်း ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေး ကူညီလျက် ရှိကာ အာဟာရ ပြည့်ဝပြီး ဈေးနှုန်း ချိုသာသော မွေးမြူရေး ထွက်ကုန်များကို ပြည်သူများ ပေါပေါ များများ စားသုံးနိုင်ကြရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ တစ်ချိန်တည်း တွင် ပြည်တွင်းထုတ် နို့နှင့် နို့ထွက် ပစ္စည်းများအပါအဝင် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း စက်တင်ဘာလ (၁၁)ရက်နေ့က မကွေးတိုင်း‌ဒေသကြီး၊ မကွေးမြို့ ပုဂ္ဂလိက နွားမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရေနံချောင်း မြို့နယ်၊ ရုံးကုန်းကျေးရွာ၊ တောင်သူဦးဇော်ဝ ၏ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိပြီး ဝါမျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများ နှင့် တွေ့ဆုံ၍ တောင်သူများ ၏ ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးပွား စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများ၊ ဌာနက ထုတ်လုပ် ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွားထုတ်လုပ်သည့် မျိုးစေ့စီးဆင်းမှု မှန်ကန်ရေး၊ ထိရောက်သော မျိုးသန့် မျိုးပွား မျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင် အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူများ အကျိုး အမြတ် သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့်မျိုးစေ့ကို အသုံးပြု၍ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အရည်အသွေးနှင့် အထွက်နှုန်းရရှိမှု အခြေ အနေများ ကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးပြီး တောင်သူများ ၏ လိုအပ်ချက် တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းပေးပြီး ချည်မျှင်ရှည်ဝါ မျိုးစေ့ ထုတ် စိုက်ခင်း အားကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်ရှိ မွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်း မျိုးပွားခြံ (သဖန်းခြံ)သို့ ရောက်ရှိ ကြပြီး မျိုးထိန်းခြင်း၊ ဆိတ်နှင့် သိုးမျိုးရင်းထိန်း မျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့် ထုတ်ခြင်း၊ အသုံးချသုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ ဒုတိယဝန်ကြီးက ဒေသနှင့် ကိုက်ညီသည့် တိရစ္ဆာန်အစာ ပင်များဆိုင်ရာ သုတေသန ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဘောစကိုင်း နှင့်အလားတူ စိုက်ပျိုးရလွယ်ကူ သည့် တိရစ္ဆာန် ဖြည့်စွက် အစာပင်များ စိုက်ပျိုးသုံးစွဲမှုဆိုင်ရာများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့် လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန် မျိုးပွား စိုက်ပျိုးနိုင်သည့် သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန် လိုအပ် ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ မွေးမြူရေး အသုံးချ သုတေသ နနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်းခြံ)၏ မွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး လုပ်ငန်းများ တွင် အသုံးပြုရန် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိသည့် ကန်(၁)နှင့် ကန်(၂)ပြုပြင်နေမှု များအားလည်းကောင်း၊ နှံစားပြောင်း စိုက်ခင်းများနှင့် နေဗီယာပတ် ချောင်းမြက်မျိုးများ စိုက်ပျိုးထား ရှိမှုအခြေအနေများကို လည်းကောင်း၊ ဒေသသိုးမျိုး မွေးမြူထားရှိမှု ထိန်စမ်းဆိတ်မျိုးနှင့် ဘိုအာဆိတ်မျိုးများ မွေးမြူထားရှိမှု အခြေအနေ များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။