အဓိကအကြောင်းအရာသို့ သွားမည်
x

မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေးကျေးရွာရှိ အဆင့်မြင့်လယ်ယာမြေစံပြစိုက်ခင်းတွင် မိုးစပါးကို ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး

        မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး ကျေးရွာ အရှေ့ကွင်းရှိ ကွင်းအမှတ်(၁၂၈၄)၌ ဖော်ဆောင်ထားသော တောင်သူ ဒေါ်သန်းသန်းဌေး၏ အဆင့်မြင့်လယ်ယာမြေစံပြ စိုက်ခင်းအတွင်း၌ မိုးစပါးကို ကောက်စိုက်စက်ဖြင့် စက်တင်ဘာ ၂၂ ရက်က ကွင်းသရုပ်ပြစိုက်ပျိုးကြောင်း သိရသည်။

          ထိုသို့ စိုက်ပျိုးရာတွင် တောင်သူ ဒေါ်သန်းသန်းဌေး၏ အဆင့်မြင့် လယ်ယာမြေစံပြ စိုက်ခင်း ၁၃ ဒသမ ၇၃ ဧကအတွင်း၌ မိုးစပါးစိုက်ခင်းအဖြစ် (ချမ်းမြေ့မေ-သက်တမ်းစပါး) မျိုးငါးဧကကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈)စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့ ကြပြီး ကွင်းသရုပ်ပြစိုက်ပျိုးနေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်သုံးစွဲပြီး စိုက်ပျိုးနည်း စနစ်မှန်ကန်စွာ တစ်ဧက အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရန် မှာကြားသည်။

          အဆင့်မြင့် လယ်ယာမြေ စံပြစိုက်ခင်းအဖြစ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိုးစပါး စိုက်ခင်းများအပြင် တခြားသီးနှံမျိုးစုံကိုလည်း ရာသီမရွေး စိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။ ယာမြေ များကို ရိုးရိုးသာမန်(ပုံမှန်)အတိုင်း စိုက်ပျိုးခြင်းထက် အဆင့်မြင့် လယ်ယာမြေ အဖြစ်ပြောင်းလဲ ပုံဖော်ပြီး စိုက်ပျိုးနိုင်ပါက ဒေသခံတောင်သူများအတွက်များစွာ အကျိုးဖြစ် ထွန်းစေမည်ဖြစ်သည်။

          အဆိုပါ အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်းတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လယ်ယာသုံးစက်ကိရိယာများဖြင့် မြေယာပြုပြင်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်းများကို ဆောင်ရွက် ပေးထားကြောင်း၊ ထို့ပြင်ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေအောက်ရေရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်း နှစ်တွင်းကို တူးဖော်ပေးထားကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရာသီအလိုက်သီးနှံ စိုက်ပျိုးသည့်ပုံစံများအပြင် လိုအပ်သော မျိုးသန့်မျိုးစေ့ များနှင့် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားကြောင်း သိရသည်။